၂၉ ဇူလိုင် ၂၀၂၆ | New Day Myanmar
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရှေ့မှာ စုဝေးခဲ့တာကြောင့် ရဲတပ်ဖွဲ့ရဲ့ ယာယီထိန်းသိမ်းမှုခံခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၁၀ ကို တရားဝင် UNHCR အထောက်အထားတွေရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ပြန်လွှတ်ပေးလိုက်ပါတယ်။
ရိုဟင်ဂျာ ၁၁၀ နဲ့ တခြားနိုင်ငံသားသုံးဦးအပါအဝင် ဒုက္ခသည် ၁၁၃ ဦးဟာ ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီခန့်မှာ ကွာလာလမ်ပူရဲတပ်ဖွဲ့ဌာနချုပ်ကနေ ထွက်ခွာခဲ့ပြီး Ampang အခြေစိုက် Kaladan လူမှုအဖွဲ့က စီစဉ်ပေးထားတဲ့ နေရာတခုကို ပြောင်းရွှေ့ခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။
အဖွဲ့ထဲမှာ ရိုဟင်ဂျာအမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၂၁ ဦး၊ ယောက်ျားလေး ၃၁ ဦးနဲ့ မိန်းကလေး ၂၂ ဦး ပါဝင်ပါတယ်။ ဒါ့အပြင် အီရတ်အမျိုးသားတဦး၊ ဆိုမာလီအမျိုးသမီးတဦးနဲ့ ရိုဟင်ဂျာအမျိုးသားတဦးရဲ့ ဇနီးဖြစ်တဲ့ အင်ဒိုနီးရှားအမျိုးသမီးတဦးလည်း ပါဝင်ခဲ့ပါတယ်။
အသက်အငယ်ဆုံးက တလသားကလေးဖြစ်ပြီး အသက်အကြီးဆုံးကတော့ ၆၀ နှစ်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဒုက္ခသည်တွေဟာ ပီနန်ပြည်နယ်၊ Kuala Muda ဒေသရှိ နေထိုင်ရာနေရာကနေ မောင်းထုတ်ခံခဲ့ရတယ်လို့ဆိုပြီး ဘတ်စ်ကားသုံးစီးနဲ့ ကွာလာလမ်ပူမြို့ကို ရောက်ရှိလာကာ UNHCR ရုံးရှေ့မှာ အကူအညီတောင်းခံခဲ့ကြတာပါ။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ခွင့်ပြုချက်မရှိဘဲ စုဝေးနေသူတွေကို အရေးယူဖို့ ရဲနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနကို ညွှန်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သူတို့ကို ဇူလိုင် ၂၇ ရက် ညပိုင်းမှာ ကွာလာလမ်ပူရဲဌာနချုပ်ဆီ ခေါ်ဆောင်ကာ ယာယီထိန်းသိမ်းခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ မှုခင်းစုံစမ်းရေး၊ မူးယစ်ဆေးဝါးမှုခင်းစုံစမ်းရေး၊ ပြည်တွင်းလုံခြုံရေးနဲ့ ပြည်သူ့အမိန့်ထိန်းသိမ်းရေးဌာနတွေက UNHCR ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းစစ်ဆေးရာမှာ ရိုဟင်ဂျာ ၁၁၀ စလုံးဟာ တရားဝင် UNHCR အထောက်အထား ကိုင်ဆောင်ထားကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် သူတို့ကို လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းဆီ မပို့တော့ဘဲ လူမှုအဖွဲ့အစည်းက စီစဉ်ထားတဲ့နေရာကို ပြောင်းရွှေ့ခွင့်ပေးခဲ့တာပါ။
UNHCR ကတ်ကိုင်ဆောင်ထားသူတွေကို လူသားချင်းစာနာမှုအရ မလေးရှားနိုင်ငံမှာ နေထိုင်ခွင့်ပေးထားတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ ထားရှိလို့မရဘူးလို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဇာကာရီယာရှာဘန်က ပြောပါတယ်။
မလေးရှားဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ ဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်နဲ့ အစိုးရပညာရေးစနစ်ထဲ ဝင်ရောက်ခွင့်မပေးထားပါဘူး။ နိုင်ငံအတွင်း UNHCR မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာ ၁၂၆,၀၀၀ ခန့် နေထိုင်နေတယ်လို့ သိရပါတယ်။
မကြာသေးခင်က မလေးရှားလူမှုကွန်ရက်တွေမှာ ရိုဟင်ဂျာတွေအပေါ် မုန်းတီးစကားနဲ့ သတင်းမှားတွေ ပျံ့နှံ့လာပြီး နှောင့်ယှက်ခြိမ်းခြောက်မှုတွေကြောင့် ရိုဟင်ဂျာကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း အနည်းဆုံးကိုးကျောင်း ပိတ်ထားရပါတယ်။


