Homeပြည်တွင်းသတင်းရိုဟင်ဂျာနဲ့ လူနည်းစုတွေအပေါ် ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်မှာ အဓိကတာဝန်ရှိတယ်လို့ UK ပြော

ရိုဟင်ဂျာနဲ့ လူနည်းစုတွေအပေါ် ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်မှာ အဓိကတာဝန်ရှိတယ်လို့ UK ပြော

၈ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရိုဟင်ဂျာနဲ့ မြန်မာနိုင်ငံရှိ အခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်အပေါ် UK ဘက်က ထောက်ခံခဲ့ပြီး စနစ်တကျလူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်မှာ အဓိကတာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇူလိုင် ၇ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၂ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ UK ယာယီသံအရာရှိ Andrew Jackson က ရိုဟင်ဂျာမူဆလင်တွေနဲ့ မြန်မာနိုင်ငံရှိ အခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ OIC ဦးဆောင်တင်သွင်းတဲ့ ဆုံးဖြတ်ချက် L.20 အပေါ် UK ရဲ့ သဘောထားရှင်းလင်းချက်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၂ ကြိမ်မြောက် အစည်းအဝေးမှာ ဇူလိုင် ၆ ရက်က အတည်ပြုခဲ့ပြီး ရိုဟင်ဂျာတွေ ဆယ်စုနှစ်ချီကြာ ကြုံတွေ့နေရတဲ့ စနစ်တကျခွဲခြားဆက်ဆံမှု၊ နိုင်ငံရေးအခွင့်အရေးဆုံးရှုံးမှု၊ ဘေးဖယ်ခံရမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို နိုင်ငံတကာက ဆက်လက်အာရုံစိုက်စေဖို့ ရည်ရွယ်ထားတယ်လို့ OIC က ထုတ်ပြန်ထားပါတယ်။

UK ဘက်ကတော့ ရိုဟင်ဂျာနဲ့ မြန်မာနိုင်ငံရှိ အခြားလူနည်းစုတွေဟာ စစ်တပ်နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကြောက်မက်ဖွယ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ခံစားနေရတယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ နောက်ဆုံးအစီရင်ခံစာအရ အစီရင်ခံကာလအတွင်း အရပ်သားသေဆုံးသူ အနည်းဆုံး ၇၀၂ ဦးရှိခဲ့ပြီး အဲဒီထဲက ၄၇၆ ဦးဟာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ UK က ထောက်ပြခဲ့ပါတယ်။

UK က မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုဆက်လက်အသုံးပြုနေမှုကို ပြစ်တင်ရှုတ်ချပြီး အဲဒီအကြမ်းဖက်မှုတွေဟာ အရပ်သားတွေအပေါ် ကြီးမားတဲ့ဒုက္ခတွေ ဖြစ်ပေါ်စေသလို မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအကျပ်အတည်းကိုလည်း ပိုမိုဆိုးရွားစေတယ်လို့ ပြောထားပါတယ်။

ရိုဟင်ဂျာတွေဟာ နှိပ်စက်ညှဉ်းပန်းမှု၊ ခွဲခြားဆက်ဆံမှု၊ နိုင်ငံမဲ့ဖြစ်မှုနဲ့ လွတ်လပ်စွာသွားလာခွင့်ကန့်သတ်မှုတွေ ဆက်လက်ကြုံနေရပြီး ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုအသိုင်းအဝိုင်းတွေ ပိုမိုအန္တရာယ်ကြီးတဲ့ အခြေအနေထဲ ရောက်ရှိနေတယ်လို့ UK က ဆိုပါတယ်။ အဲဒီအခြေအနေတွေကြောင့် လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မအခြေပြု အကြမ်းဖက်မှုအန္တရာယ်တွေ မြင့်တက်လာပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေ နေအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ကို လက်ခံထားပေးနေတဲ့ အရေးကြီးတဲ့အခန်းကဏ္ဍကို UK က အသိအမှတ်ပြုခဲ့ပြီး ဒုက္ခသည်စခန်းတွေမှာ အခြေခံအဆောက်အအုံနဲ့ လုံခြုံရေးဖိအားတွေ ကြုံနေရတယ်လို့လည်း ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နောင်တချိန် ဘေးကင်းလုံခြုံ၊ ဆန္ဒအလျောက်၊ တည်တံ့ပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ဒုက္ခသည်တွေရဲ့ ကိုယ့်အားကိုယ်ကိုးနိုင်မှု၊ လုံခြုံမှုနဲ့ ဘေးကင်းမှုတွေ တိုးမြှင့်ဖို့ လိုအပ်တယ်လို့ UK က ဆိုပါတယ်။

OIC ကလည်း လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုတွေအပေါ် ကျူးလွန်သူတွေကို တာဝန်ယူစေရေးအတွက် နိုင်ငံတကာ၊ လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ လိုအပ်ကြောင်း တိုက်တွန်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီဆုံးဖြတ်ချက်မှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က နိုင်ငံတကာတရားရုံး (ICJ) က ချမှတ်ထားတဲ့ ယာယီအကာအကွယ်အစီအမံတွေ ရှိနေပေမယ့် ရိုဟင်ဂျာမူဆလင်တွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်မှု၊ မခွဲခြားဘဲ အကြမ်းဖက်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မီးရှို့မှု၊ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်အန္တရာယ်တွေ ဆက်လက်ကြုံနေရတယ်ဆိုပြီး စိုးရိမ်ချက်ဖော်ပြထားတယ်လို့ OIC က ပြောထားပါတယ်။

ဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာနဲ့ အခြားလူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ အမြစ်ခံအကြောင်းရင်းတွေကို ထိရောက်စွာဖြေရှင်းဖို့နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒုက္ခသည်အားလုံး ဘေးကင်း၊ ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိစွာနဲ့ တည်တံ့စွာ နေရပ်ပြန်နိုင်ရေး အခြေအနေတွေ ဖန်တီးဖို့ မြန်မာဘက်ကို တိုက်တွန်းထားပါတယ်။

UK က ဆုံးဖြတ်ချက်အပေါ် consensus နဲ့ ပါဝင်ထောက်ခံမယ်လို့ ပြောခဲ့ပေမယ့် မြန်မာနိုင်ငံအတွင်း ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်ဖြေရှင်းရမယ်ဆိုတာနဲ့အတူ ရိုဟင်ဂျာတွေနဲ့ အရပ်သားပြည်သူတွေအပေါ် စနစ်တကျချိုးဖောက်မှုတွေအတွက် စစ်တပ်မှာ အဓိကတာဝန်ရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းထားရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဥရောပသမဂ္ဂ (EU) ကလည်း ဆုံးဖြတ်ချက် L.20 အပေါ် consensus နဲ့ ပါဝင်နိုင်တယ်လို့ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာနဲ့ အခြားလူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထောက်ပြထားပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံကို လက်နက်လွှဲပြောင်းပေးမှုရပ်တန့်ရေး အချက်ကို မပါဝင်နိုင်ခဲ့တာအပေါ် စိတ်မကောင်းဖြစ်ကြောင်း EU က ပြောထားပါတယ်။

UK ကတော့ မြန်မာနိုင်ငံအခြေအနေဟာ လူ့အခွင့်အရေးကောင်စီအနေနဲ့ ဆက်လက်ပူးပေါင်းအာရုံစိုက်ဖို့ လိုအပ်တဲ့ကိစ္စဖြစ်ပြီး OIC နဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူ အကျပ်အတည်းရဲ့ အမြစ်ခံအကြောင်းရင်းတွေကို ဖြေရှင်းရေး၊ တာဝန်ခံမှုမြှင့်တင်ရေးနဲ့ ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံသားအားလုံးရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ကာကွယ်မြှင့်တင်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။

Related News

Most Read