၈ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တရုတ်သံရုံးရှေ့မှာ အရပ်ဘက်ကွန်ရက်တွေက မဲခေါင်မြစ်လက်တက်တွေ ရေညစ်ညမ်းမှုဖြေရှင်းရေး ဆန္ဒပြတောင်းဆိုပြီးနောက် တရုတ်သံရုံးဘက်က အဲဒီနေ့ညနေပိုင်းမှာပဲ ချက်ချင်းတုံ့ပြန်ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းမှာ NGO Coordinating Committee နဲ့ ထိုင်းအရပ်ဘက်ကွန်ရက်တွေက တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပြီး ကော့၊ ဆိုင်၊ ရွက်နဲ့ မဲခေါင်မြစ်ဝှမ်းတွေမှာ ဖြစ်နေတဲ့ နယ်စပ်ဖြတ်ကျော် ရေညစ်ညမ်းမှုကို ဖြေရှင်းပေးဖို့ တရုတ်အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ထိခိုက်ဒေသက ရေတွေလို့ ဆိုတဲ့ ရေတွေကို ထိုင်းနဲ့ မြန်မာမြေပုံပေါ် လောင်းချပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို သရုပ်ဖော် ပြသခဲ့ကြပါတယ်။
ဆန္ဒပြခေါင်းဆောင်တွေက မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းရှိ သတ္တုတွင်းစီမံကိန်းတွေနဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ တာဝန်ရှိမှုရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပြီး နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုတွေဟာ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနဲ့ ဒေသခံလူထုအပေါ် တာဝန်ယူမှုနဲ့အတူ သွားရမယ်လို့ ပြောပါတယ်။
အဲဒီဆန္ဒပြမှုနောက်ပိုင်း နာရီပိုင်းအတွင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ချက်ထုတ်ပြီး ထိုင်းနိုင်ငံအတွင်းရှိ မဲခေါင်မြစ်လက်တက်တွေမှာ လေးလံသတ္တုညစ်ညမ်းမှု ရှိနေတယ်ဆိုတဲ့ သတင်းတွေကို တရုတ်ဘက်က အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူ့ကျန်းမာရေးအပေါ် မြစ်ဝှမ်းဒေသခံတွေရဲ့ စိုးရိမ်မှုကို နားလည်တယ်လို့လည်း တရုတ်သံရုံးက ဆိုပါတယ်။
တရုတ်သံရုံးက အဆိုပါမြစ်တွေဟာ ထိုင်းနဲ့ မြန်မာကြား ဖြတ်သန်းစီးဆင်းနေတဲ့ နယ်စပ်ဖြတ်ကျော် ရေလမ်းကြောင်းတွေဖြစ်တာကြောင့် ညစ်ညမ်းမှုရဲ့ အရင်းအမြစ်ကို အချက်အလက်၊ သိပ္ပံနည်းကျအထောက်အထားနဲ့ တာဝန်ယူမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကတဆင့် သတ်မှတ်ရမယ်လို့ ပြောထားပါတယ်။
တရုတ်ဘက်က ထိုင်းနဲ့ မြန်မာတို့ ဆက်သွယ်ညှိနှိုင်းမှု ပိုမိုမြှင့်တင်ပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ ပူးတွဲစုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးပြုလုပ်ရေးကို ထောက်ခံတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မဲခေါင်မြစ်ဝှမ်း ဂေဟစနစ်ကာကွယ်ရေးဟာ မြစ်ဝှမ်းနိုင်ငံအားလုံးရဲ့ ပူးတွဲတာဝန်ဖြစ်ပြီး ရေအရင်းအမြစ်စီမံခန့်ခွဲမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ မဲခေါင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ တရုတ်သံရုံးက ဆိုပါတယ်။
ဘန်ကောက်ဆန္ဒပြမှုဟာ ဇူလိုင် ၆ ရက်က ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ကော့၊ ဆိုင်၊ ရွက်နဲ့ မဲခေါင်မြစ် ကာကွယ်ရေးကွန်ရက်ဝင် ၅၀ ခန့် ဆန္ဒပြခဲ့ပြီးနောက် ထပ်မံပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ချင်းမိုင်ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့နဲ့ တွန်းထိုးမှုဖြစ်ပြီး ဆန္ဒပြသူ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြကွန်ရက်တွေကတော့ မြန်မာနိုင်ငံအတွင်း အထက်ပိုင်းသတ္တုတွင်းလုပ်ငန်းတွေ၊ အထူးသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်နွှယ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ လုပ်ငန်းတွေကြောင့် ထိုင်းမြောက်ပိုင်း မြစ်ရေတွေမှာ ညစ်ညမ်းမှုဖြစ်နေတယ်လို့ စွပ်စွဲထားပါတယ်။ တရုတ်ဘက်ကတော့ အဲဒီစွပ်စွဲချက်တွေအပေါ် တိုက်ရိုက်လက်ခံခြင်းမရှိဘဲ သိပ္ပံနည်းကျ ပူးတွဲစစ်ဆေးမှုနဲ့သာ အရင်းအမြစ်ကို သတ်မှတ်ရမယ်ဆိုတဲ့ သဘောထားကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ ထိုင်းအရပ်ဘက်ကွန်ရက်တွေက တရုတ်အစိုးရ၊ ထိုင်းအစိုးရနဲ့ မြန်မာဘက် တာဝန်ရှိသူတွေ ပူးတွဲစစ်ဆေးပြီး နယ်စပ်ဖြတ်ကျော် သတ္တုညစ်ညမ်းမှုကို အမြန်ဆုံးထိန်းချုပ်ပေးဖို့ ဆက်လက်တောင်းဆိုနေကြပါတယ်။


