Homeအထူးသတင်းဂျပန်တောင်ပိုင်း ငလျင်ကြောင့် ၁၈ ဦးအထိ မြင့်တက်

ဂျပန်တောင်ပိုင်း ငလျင်ကြောင့် ၁၈ ဦးအထိ မြင့်တက်

၂၉ ဇူလိုင် ၂၀၂၆ | New Day Myanmar

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကျူးရှူးကျွန်းရှိ ကူမာမိုတိုဒေသမှာ အင်အား ၇ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး သေဆုံးသူ အနည်းဆုံး ၁၈ ဦးနဲ့ ဒဏ်ရာရသူ ၆၂ ဦးအထိ ရှိလာတယ်လို့ ကူမာမိုတိုဒေသအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက ခြောက်ဦးဟာ အခြေအနေပြင်းထန်ပြီး လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်တာကြောင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။

ဇူလိုင် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေအိမ်တွေ ပြိုကျပြီး လမ်း၊ တံတား၊ လျှပ်စစ်နဲ့ ရေပေးဝေရေးစနစ်တွေ ပျက်စီးခဲ့ပါတယ်။ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိုင်ဝမ်က မီးသတ်ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်။

ထိခိုက်ပျက်စီးမှုအပြင်းထန်ဆုံး နေရာတွေထဲမှာ ကာရှီမာမြို့က Aeon Mall ဈေးဝယ်စင်တာ ပါဝင်ပါတယ်။ ငလျင်လှုပ်ချိန်မှာ ဈေးဝယ်စင်တာအတွင်း လူထောင်ပေါင်းများစွာရှိနေပြီး ဖောက်သည် ၃,၀၀၀ ခန့်ကို ကားရပ်နားရာနေရာဆီ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အလုပ်သမားတချို့ ကျန်ရှိနေသေးတဲ့ ဈေးဝယ်စင်တာရဲ့ တခြားအစိတ်အပိုင်းတခုမှာ ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပြီး ဒုတိယထပ် ပြိုကျခဲ့ပါတယ်။ ဈေးဝယ်စင်တာအပျက်အစီးတွေထဲမှာ လေးဦးသေဆုံးခဲ့ပြီး သုံးဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ယတ်ဆူရှီရိုမြို့ရှိ Nippon Paper Industries စက္ကူစက်ရုံမှာလည်း မီးခိုးခေါင်းတိုင်ပြိုကျတာကြောင့် အလုပ်သမားငါးဦး သေဆုံးခဲ့ပါတယ်။ အပျက်အစီးတွေအောက်က ခုနစ်ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် လေးဦး ပိတ်မိနေဆဲလို့ ကူမာမိုတိုဒေသ သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့က ပြောပါတယ်။

ငလျင်ကြောင့် အိမ်ခြေ ၃၄,၉၀၀ ခန့် လျှပ်စစ်မီးပြတ်တောက်နေပြီး အိမ်ခြေ ၁၅,၀၀၀ ခန့် ရေမရရှိသေးပါဘူး။ လူပေါင်း ၈,၈၀၀ ကျော်ဟာ နေအိမ်တွေကို စွန့်ခွာပြီး ကယ်ဆယ်ရေးစခန်း ၄၀၀ ကျော်မှာ ခိုလှုံနေရပါတယ်။

ပူပြင်းတဲ့ရာသီဥတုကြောင့် ကယ်ဆယ်ရေးသမားတွေနဲ့ ဘေးလွတ်ရာရွှေ့ပြောင်းနေသူတွေအတွက် အပူဒဏ်အန္တရာယ်လည်း ရှိနေပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ လေအေးပေးစက်အသုံးပြုနိုင်ဖို့ လျှပ်စစ်ဓာတ်အားပေးစက်တွေ ဖြည့်ဆည်းပေးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

“ကယ်ဆယ်ပေးဖို့ စောင့်ဆိုင်းနေသူတွေ ရှိနေဆဲဖြစ်ပြီး အချိန်နဲ့အပြိုင် ကယ်ဆယ်နေရပါတယ်။ တတ်နိုင်သမျှ လူအများဆုံး ရှာဖွေကယ်ဆယ်နိုင်ဖို့ အင်အားအပြည့်သုံးသွားမှာပါ” လို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ပြောပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် ထုတ်ပြန်ခဲ့တဲ့ ဆူနာမီသတိပေးချက်ကို အချိန်တိုအတွင်း ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ကျည်ဆန်ရထားပြေးဆွဲမှုတွေ ရပ်ဆိုင်းထားဆဲဖြစ်ပြီး Aso Kumamoto လေဆိပ်ကို ပြန်ဖွင့်ထားပေမယ့် လေကြောင်းလိုင်းတချို့က ခရီးစဉ်တွေ ဖျက်သိမ်းထားပါတယ်။

ကူမာမိုတိုဒေသမှာ ၂၀၁၆ ခုနှစ်ကလည်း အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး လူအနည်းဆုံး ၅၀ သေဆုံးခဲ့ပါတယ်။

Related News

Most Read