Homeအထူးသတင်းဖိလစ်ပိုင် ငလျင်ကြောင့် သေဆုံးသူ ၃၅ ဦးထိ မြင့်တက်လာ

ဖိလစ်ပိုင် ငလျင်ကြောင့် သေဆုံးသူ ၃၅ ဦးထိ မြင့်တက်လာ

၉ ဇွန် ၂၀၂၆ | New Day Myanmar

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းကမ်းလွန်မှာ ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် သေဆုံးသူအရေအတွက်ဟာ ၃၅ ဦးအထိ မြင့်တက်လာပြီလို့ သိရပါတယ်။

ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းက ဖိလစ်ပိုင်ရဲ့ အကြီးဆုံးကျွန်းတစ်ခုဖြစ်တဲ့ မင်ဒါနာအိုကျွန်း တောင်ဘက်ကမ်းလွန်မှာ မဂ္ဂနီကျု ၇.၈ အဆင့်ရှိ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီငလျင်ကြောင့် မင်ဒါနာအိုကျွန်းမှာ လူသေဆုံးမှုနဲ့ အဆောက်အအုံပျက်စီးမှုတွေ ဖြစ်ပွားခဲ့သလို ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ ဩစတြေးလျနိုင်ငံတွေမှာလည်း ဆူနာမီအရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ ဒါပေမယ့် နာရီပိုင်းအကြာမှာတော့ သတိပေးချက်တွေကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ် ထွက်ပေါ်လာတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ ငလျင်ဗဟိုချက်နဲ့ နီးစပ်တဲ့ ဂျန်နရယ်ဆန်းတို့စ်မြို့မှာ အဆောက်အအုံအများအပြား ပြိုကျပျက်စီးခဲ့ပြီး တချို့ဒေသတွေမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၈ ရက်နေ့ ညပိုင်းအထိ ရရှိထားတဲ့ စာရင်းတွေအရ သေဆုံးသူ ၃၅ ဦးရှိလာပြီး အနည်းဆုံး ၁၂ ဦး ပျောက်ဆုံးနေကာ ၁၃၄ ဦး ဒဏ်ရာရရှိထားပါတယ်။ သေဆုံးသူ ၃၅ ဦးထဲမှာ ၃၁ ဦးက ဆော့ခ်ဆာဂန်ဒေသက ဖြစ်ပြီး ကျန် ၄ ဦးကတော့ ဒါဗာအိုဒေသက ဖြစ်တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကတော့ ကယ်ဆယ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို အစိုးရဌာနအားလုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားထားပြီး ဘေးဒုက္ခကြုံနေရတဲ့ မင်ဒါနာအိုဒေသကို အစိုးရအနေနဲ့ ပစ်ပယ်ထားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်ခဲ့တဲ့နေ့ဟာ ဖိလစ်ပိုင်နိုင်ငံမှာ စာသင်နှစ်အသစ်အတွက် ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့ ပထမဆုံးနေ့နဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။ ဒါကြောင့် ငလျင်ဘေးသင့်ဒေသတွေက ကျောင်းအားလုံးကို ယာယီပိတ်ထားဖို့ သမ္မတက ညွှန်ကြားထားကြောင်း သိရပါတယ်။

အဲဒီငလျင်ကြီးလှုပ်ခတ်ပြီးနောက် ၁၂ နာရီအတွင်း နောက်ဆက်တွဲငလျင် ၁၃၀ ကျော် လှုပ်ခတ်ခဲ့ပြီး အဲဒီထဲက တစ်ခုဟာ မဂ္ဂနီကျု ၆.၇ အဆင့်အထိ ပြင်းထန်ခဲ့ပါတယ်။ ဒါ့အပြင် ဆာရာဂါနီဒေသရှိ ဘူလွတ်ကျွန်း ကမ်းလွန်မှာလည်း မဂ္ဂနီကျု ၅.၇ အဆင့်ရှိ သီးခြားငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ “Pacific Ring of Fire” လို့ခေါ်တဲ့ ပစိဖိတ်မီးကွင်းဒေသအတွင်း တည်ရှိတာကြောင့် ငလျင်လှုပ်ခတ်မှုတွေ မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။ အများစုက ပြင်းအားမမြင့်ပေမယ့် ရံဖန်ရံခါမှာတော့ အခုလို အသေအပျောက်များတဲ့ ငလျင်ကြီးတွေ ဖြစ်ပွားတတ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး