ဩဂုတ် ၁၀၊ ၂၀၂၆ | New Day Myanmar
တောင်အမေရိကတိုက် ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းမှာ ဒီနေ့ ဩဂုတ် ၁၀ ရက်က အင်အား ၇.၄ မဂ္ဂနီကျုရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၂၀ သေဆုံးကာ အဆောက်အအုံ ဒါဇင်နဲ့ချီ ပြိုကျပျက်စီးခဲ့တယ်လို့ Associated Press (AP) က ဖော်ပြပါတယ်။
အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ရဲ့ အချက်အလက်အရ ငလျင်ဟာ Chocó ဒေသက San José del Palmar မြို့ရဲ့ အရှေ့ဘက် ၅ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၁၀၇ ကီလိုမီတာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနေရာဟာ ကိုလံဘီယာမြို့တော် Bogotá ရဲ့ အနောက်ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာမှာ ရှိပါတယ်။
ထိခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့ Pereira မြို့မှာ လူ ၁၈ ဦး သေဆုံးကြောင်း ဒေသအာဏာပိုင်တွေက အတည်ပြုထားပြီး Manizales မြို့မှာလည်း လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ Pereira မြို့မှာ အဆောက်အအုံအများအပြား ပြိုကျခဲ့ပြီး အပျက်အစီးတွေအောက်မှာ လူတွေ ပိတ်မိနေဆဲဖြစ်တယ်လို့ မြို့တော်ဝန် Mauricio Salazar က ပြောပါတယ်။
Pereira၊ Quibdó၊ Cali နဲ့ Manizales မြို့တွေမှာ အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်နေပါတယ်။ လူဦးရေ ၂ သန်းခန့်ရှိတဲ့ Cali မြို့မှာတော့ အနည်းဆုံး အဆောက်အအုံ ၁၉ လုံး ပြိုကျခဲ့ပြီး လူတွေ ပိတ်မိနေတယ်လို့ မြို့တော်ဝန် Alejandro Eder က ပြောပါတယ်။
Manizales မြို့မှာရှိတဲ့ နီယိုဂေါ်သစ်ပုံစံ ဘုရားရှိခိုးကျောင်းကြီးရဲ့ မျှော်စင်တစ်ခုလည်း ငလျင်ကြောင့် ပြိုကျခဲ့ပါတယ်။ ငလျင်နောက်ဆက်တွဲအဖြစ် အင်အား ၂.၈ နဲ့ ၄.၈ အဆင့်ရှိ နောက်ဆက်တွဲငလျင်တွေ ဆက်လက်လှုပ်ခတ်ခဲ့ပြီး အာဏာပိုင်တွေက နောက်ဆက်တွဲငလျင်အန္တရာယ်ကြောင့် ပြည်သူတွေကို အဆောက်အအုံအပြင်ဘက်မှာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။
ငလျင်ကြောင့် Manizales၊ Quibdó၊ Armenia၊ Cartago၊ Buenaventura နဲ့ Pereira မြို့တွေက လေဆိပ်တွေမှာ လေကြောင်းခရီးစဉ်တွေကို ယာယီရပ်ဆိုင်းထားပါတယ်။ ကိုလံဘီယာ ဘူမိဗေဒဌာနကတော့ ဒီငလျင်ဟာ နိုင်ငံအတွင်း ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း မှတ်တမ်းတင်ခဲ့သမျှ အင်အားအပြင်းဆုံးငလျင် ဖြစ်တယ်လို့ ပြောပါတယ်။
ငလျင်လှုပ်ခတ်မှုကို အိမ်နီးချင်း အီကွေဒေါနိုင်ငံအထိ ခံစားခဲ့ရ ပေမယ့် အီကွေဒေါဘက်က လူသေဆုံးမှု ဒါမှမဟုတ် ကြီးမားတဲ့ပျက်စီးမှုရှိ၊ မရှိကို လက်ရှိအချိန်အထိ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ကိုလံဘီယာအစိုးရက အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေတာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက် ထပ်တိုးလာနိုင်ပါတယ်။

