Homeပြည်တွင်းသတင်းငလျင်အလွန် တစ်နှစ်ကြာတဲ့အထိ ကလေးတွေ စိတ်ဒဏ်ရာနဲ့ ဆက်လက်ရင်ဆိုင်နေရဆဲ

ငလျင်အလွန် တစ်နှစ်ကြာတဲ့အထိ ကလေးတွေ စိတ်ဒဏ်ရာနဲ့ ဆက်လက်ရင်ဆိုင်နေရဆဲ

၂၈ မတ် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်အပြီး တစ်နှစ်ကြာလာပြီဖြစ်ပေမယ့် အိမ်ရာတွေ၊ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေဟာ ယနေ့ထိ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ Save the Children အဖွဲ့က မတ် ၂၈ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။

မန္တလေးနဲ့ စစ်ကိုင်းဒေသကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ခ်ျတာစကေး ၇.၇ ရှိ ငလျင်ကြောင့် လူ ၃,၈၀၀ ကျော် သေဆုံးခဲ့ပြီး အရေးပေါ်အကူအညီလိုအပ်သူ ၆.၃ သန်းအထိ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ကလေးအများအပြား ပါဝင်ခဲ့ပြီး တချို့ဟာ မိဘတွေ ဆုံးရှုံးခဲ့သလို တချို့ကတော့ ယနေ့ထိ ကြောက်ရွံ့မှု၊ ဝမ်းနည်းမှုနဲ့ စိတ်ဒဏ်ရာတွေကနေ မလွတ်မြောက်နိုင်သေးဘူးလို့ ဆိုပါတယ်။

Save the Children နဲ့ မိတ်ဖက်အဖွဲ့တွေကတော့ ငလျင်ဒဏ်သင့်ဒေသတွေမှာ အစားအစာ၊ သောက်သုံးရေ၊ စောင်၊ ခြင်ထောင်နဲ့ အရေးပေါ်အသုံးအဆောင်တွေ ပေးအပ်ခဲ့ပြီး ကလေးတွေ လုံခြုံစွာ နေနိုင်၊ ကစားနိုင်မယ့် နေရာတွေကိုလည်း ဖန်တီးပေးခဲ့တယ်လို့ဆိုပါတယ်။ လူ ၃၀,၀၀၀ နီးပါး၊ အဲ့ဒီထဲက ကလေး ၉,၀၀၀ ကျော်ကို စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီမှုတွေ ပေးခဲ့တယ်လို့ သိရပါတယ်။

တစ်နှစ်အတွင်း လူ ၂၇၅,၀၀၀ ကျော်ကို ကူညီနိုင်ခဲ့ပြီး ကလေး ၈၀,၀၀၀ ဝန်းကျင် ပါဝင်တယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။

Save the Children ရဲ့ အာရှဒေသဆိုင်ရာ တာဝန်ရှိသူ Arshad Malik က “ငလျင်ဟာ ခဏတာဖြစ်ပေမယ့် အကျိုးသက်ရောက်မှုတွေက အချိန်ကြာရှည် ဆက်ရှိနေတယ်။ ကလေးတွေဟာ ယနေ့ထိ စိတ်ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရဆဲပါ” လို့ ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်း လူ ၁၆.၂ သန်း၊ လူဦးရေစုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းကျော်က လူသားချင်းစာနာထောက်ထားရေး အကူအညီလိုအပ်နေပြီး အဲ့ဒီထဲမှာ ကလေး ၅ သန်း ပါဝင်နေပါတယ်။

Related News

Most Read