Homeနိုင်ငံတကာသတင်းဗင်နီဇွဲလား ငလျင်နှစ်ကြိမ်ကြောင့် အနည်းဆုံး ၃၂ ဦးသေဆုံး၊ သေဆုံးသူ တိုးလာနိုင်

ဗင်နီဇွဲလား ငလျင်နှစ်ကြိမ်ကြောင့် အနည်းဆုံး ၃၂ ဦးသေဆုံး၊ သေဆုံးသူ တိုးလာနိုင်

၂၅ ဇွန် ၂၀၂၆ | New Day Myanmar

ဗင်နီဇွဲလားနိုင်ငံမှာ အင်အားပြင်းထန်တဲ့ ငလျင်နှစ်ကြိမ် စက္ကန့်ပိုင်းအတွင်း ဆက်တိုက်လှုပ်ခတ်ခဲ့တာကြောင့် လက်ရှိအချိန်အထိ အနည်းဆုံး လူ ၃၂ ဦး သေဆုံးပြီး လူ ၇၀၀ ကျော် ဒဏ်ရာရထားတယ်လို့ ဗင်နီဇွဲလားအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ အဆိုးရွားဆုံး ထိခိုက်ပျက်စီးခဲ့တဲ့ လာဂွိုင်ရာပြည်နယ်က သေဆုံး၊ ဒဏ်ရာရစာရင်းတွေ အပြည့်အစုံ မပါဝင်သေးတာကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ပထမငလျင်ဟာ ဇွန်လ ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄ မိနစ်ခန့်မှာ မဂ္ဂနီကျု ၇.၂ အဆင့်နဲ့ လှုပ်ခတ်ခဲ့ပြီး ၃၉ စက္ကန့်အကြာမှာ မဂ္ဂနီကျု ၇.၅ အဆင့်ရှိတဲ့ ဒုတိယငလျင် ထပ်မံလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်ဗဟိုချက်တွေဟာ ဗင်နီဇွဲလားမြောက်အလယ်ပိုင်း ယာရာကွီပြည်နယ်အတွင်းမှာ တည်ရှိပြီး မြို့တော် ကရာကတ်စ်အပါအဝင် လာဂွိုင်ရာ၊ မီရန်ဒါ၊ အာရာဂွာ၊ ကာရာဘိုဘိုနဲ့ အနီးဝန်းကျင်ဒေသတွေမှာ ပြင်းထန်စွာ ခံစားခဲ့ရပါတယ်။

မြို့တော် ကရာကတ်စ်နဲ့ လာဂွိုင်ရာပြည်နယ်အတွင်း လူနေအဆောက်အအုံတွေ အများအပြား ပြိုကျခဲ့ပြီး လူတချို့ အပျက်အစီးတွေအောက် ပိတ်မိနေဆဲဖြစ်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက ညလုံးပေါက် ရှာဖွေကယ်ဆယ်မှုတွေ ဆောင်ရွက်နေပါတယ်။

လာဂွိုင်ရာပြည်နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်ရာဇုန်အဖြစ် သတ်မှတ်ထားပြီး ပြိုကျလုနီးပါး အဆောက်အအုံတွေအတွင်း မနေထိုင်ကြဖို့လည်း အာဏာပိုင်တွေက ဒေသခံတွေကို သတိပေးထားပါတယ်။

မြို့တော်အနီးက ဆီမွန်ဘိုလီဗာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း အဆောက်အအုံပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် လေဆိပ်ကို ယာယီပိတ်ထားရပါတယ်။ လျှပ်စစ်နဲ့ ဆက်သွယ်ရေးပြတ်တောက်မှုတွေလည်း နေရာတချို့မှာ ဖြစ်ပေါ်နေပါတယ်။

ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က နိုင်ငံတဝန်း အရေးပေါ်အခြေအနေ ကြေညာထားပြီး အစိုးရနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ ဒဏ်ရာရသူတွေကို အရေးပေါ်ကုသပေးနေတယ်လို့ ပြောပါတယ်။

အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနရဲ့ PAGER စနစ်က ငလျင်ဒဏ်ကြောင့် လူအသေအပျောက်နဲ့ စီးပွားရေးဆုံးရှုံးမှု အလွန်များပြားနိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒီခန့်မှန်းချက်ဟာ ကွန်ပျူတာစနစ်နဲ့ တွက်ချက်ထားတဲ့ ဖြစ်နိုင်ခြေ ခန့်မှန်းချက်သာဖြစ်ပြီး လက်တွေ့အတည်ပြုထားတဲ့ သေဆုံးသူစာရင်း မဟုတ်ပါဘူး။

ငလျင်ကြီးနှစ်ကြိမ် လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်ဖြစ်ပေါ်နေသေးတာကြောင့် ပျက်စီးနေတဲ့ အဆောက်အအုံတွေအနီး မသွားကြဖို့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ သတိပေးထားပါတယ်။

အမေရိကန်နဲ့ နိုင်ငံတချို့ကလည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ ဆေးဝါးနဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ကူညီဖို့ ပြင်ဆင်နေကြပါတယ်။

လက်ရှိသေဆုံးသူ ၃၂ ဦးဆိုတဲ့ စာရင်းဟာ ကနဦးစာရင်းသာဖြစ်ပြီး အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေတာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက် မြင့်တက်လာနိုင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

ဆက်စပ် သတင်းများ

Most Read