ဩဂုတ် ၁၀၊ ၂၀၂၆ | New Day Myanmar
ထိုင်း–မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့မှာ HIV/AIDS ကြောင့် ဆေးကုသမှုခံယူနေသူ ၂,၄၀၀ ကျော်ရှိပြီး တစ်လကို ပျမ်းမျှ ၁၀ ဦးခန့် HIV ပိုးကူးစက်ခံနေရတယ်လို့ စစ်အုပ်စုရဲ့ ကရင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီနေ့ ဩဂုတ် ၁၀ ရက် မနက်ပိုင်းမှာ ကျင်းပတဲ့ စစ်အုပ်စုရဲ့ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) က ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက မြဝတီမြို့ရဲ့ HIV ကူးစက်မှုအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဦးအေးမင်းထွေးရဲ့ ပြောဆိုချက်အရ ၂၀၂၆ ခုနှစ်အတွင်း မြဝတီမြို့မှာ HIV ပိုးထိန်းဆေး (ART) လာရောက်ထုတ်ယူသူ ၂,၄၀၀ ကျော်ရှိပြီး တစ်လကို ပျမ်းမျှ ၁၀ ဦးထက်မနည်း HIV ပိုးကူးစက်ခံနေရတယ်လို့ ဆိုပါတယ်။
အဲဒီမေးခွန်းကို စစ်အုပ်စုရဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြန်လည်ဖြေကြားရာမှာ မြဝတီခရိုင် ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ စာရင်းအရ HIV/AIDS ကြောင့် ဆေးကုသမှုခံယူနေသူ ၂၀၂၄ ခုနှစ်မှာ ၁,၆၈၈ ဦး၊ ၂၀၂၅ ခုနှစ်မှာ ၂,၀၅၅ ဦးနဲ့ ၂၀၂၆ ခုနှစ်မှာ ၂,၄၁၉ ဦးရှိတယ်လို့ ပြောပါတယ်။
တစ်ဖက်မှာလည်း ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းအရ HIV နဲ့ ကာလသားရောဂါပိုး အသစ်တွေ့ရှိသူ ပေါင်းစုပျမ်းမျှ တစ်လကို ၄၀ ဦးထက်မနည်းရှိနေတယ်လို့ သိရပါတယ်။ အဲဒီပိုးတွေ့ရှိမှုတွေဟာ ဆန္ဒအလျောက် လာရောက်စစ်ဆေးသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သွေးလှူရှင်တွေကို စစ်ဆေးရာကနေ တွေ့ရှိလာတာ ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်အရ မြဝတီမြို့မှာ ၂၀၂၅ ခုနှစ်အထိ ပြည့်တန်ဆာရုံ ၆၀ ကျော်နဲ့ လိင်လုပ်သား ၂,၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်အတွင်း သင်္ဃန်းညီနောင်ဘက်မှာပါ ပြည့်တန်ဆာရုံတွေ ပြန်လည်ဖွင့်လှစ်လာတာကြောင့် အရေအတွက် ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။
KTV၊ ကလပ်နဲ့ ဘားတွေမှာ စိတ်ကြွမူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတွေဟာ HIV နဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ မြင့်တက်လာရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်နိုင်တယ်လို့လည်း အရပ်ဘက်အဖွဲ့တွေက သုံးသပ်ထားပါတယ်။
လက်ရှိမှာ အရပ်ဘက်အဖွဲ့အစည်းတွေက ရောဂါပိုး စစ်ဆေးပေးတာနဲ့ ကျန်းမာရေးအသိပညာပေးတာတွေ လုပ်ဆောင်နေကြပေမယ့် KTV နဲ့ အနှိပ်ခန်းတချို့က ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းကတော့ မြဝတီမြို့မှာ တရားဝင်ဖွင့်ထားတဲ့ KTV ဆိုင် ၁၆ ဆိုင်ရှိပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ လက်ရှိအချိန်အထိ ပူးပေါင်းအဖွဲ့က ၂၅ ကြိမ်ခန့် စစ်ဆေးခဲ့ပေမယ့် ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေ မတွေ့ရှိခဲ့ဘူးလို့ ပြောပါတယ်။

