Homeပြည်တွင်းသတင်းမြန်မာနိုင်ငံသားတွေကို အတင်းအဓမ္မ နေရပ်ပြန်ပို့နေတာတွေ ချက်ချင်းရပ်တန့်ဖို့ APHR တိုက်တွန်း

မြန်မာနိုင်ငံသားတွေကို အတင်းအဓမ္မ နေရပ်ပြန်ပို့နေတာတွေ ချက်ချင်းရပ်တန့်ဖို့ APHR တိုက်တွန်း

၂၆ မေ ၂၀၂၆ | New Day Myanmar

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ အသက်လုထွက်ပြေးတိမ်းရှောင်လာရတဲ့ လူငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပြည်နှင်ဒဏ်ပေးနေတာတွေ ရပ်တန့်ပေးဖို့နဲ့ အတင်းအဓမ္မ နေရပ်မပြန်ပို့ရေးမူ (Principle of Non-refoulement) ကို အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အလေးအနက် လိုက်နာစောင့်ထိန်းကြဖို့ အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR က မေလ ၂၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

APHR ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိမှာ မြန်မာနိုင်ငံသားအများအပြားဟာ အိမ်နီးချင်းနိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်ခိုလှုံနေကြရပြီး အဲဒီနိုင်ငံတွေမှာ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ နေရပ်ပြန်ပို့ခံရတာတွေ ဆက်တိုက်ကြုံနေရတာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နောင်တချိန် တရားမျှတမှုနဲ့ တာဝန်ခံမှုရှိရှိ အရေးယူနိုင်ဖို့အတွက် သက်သေအထောက်အထားတွေ၊ မှတ်တမ်းမှတ်ရာတွေကို စနစ်တကျ ထိန်းသိမ်းထားနိုင်ရေးဟာလည်း အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့ APHR က အလေးပေးဖော်ပြထားပါတယ်။

APHR ကတော့ စစ်ကော်မရှင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုအောက်မှာ နေ့စဉ်ရုန်းကန်နေကြရတဲ့ မြန်မာပြည်သူတွေ၊ မိသားစုတွေနဲ့အတူ တစ်သားတည်း ဆက်လက်ရပ်တည်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့ လူငယ်မျိုးဆက်တွေအပေါ် ဖိနှိပ်နှိမ်နင်းမှုတွေ ပိုမိုပြင်းထန်လာနေတာကို ရပ်တန့်နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းအစိုးရတွေအနေနဲ့ အခုထက်ပိုပြီး ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးကြဖို့ APHR က တောင်းဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး