Homeနိုင်ငံတကာသတင်းအီရန်နဲ့ သဘောတူညီချက် အဆင်မပြေရင် အခြားနည်းလမ်း နဲ့ ဖြေရှင်းမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

အီရန်နဲ့ သဘောတူညီချက် အဆင်မပြေရင် အခြားနည်းလမ်း နဲ့ ဖြေရှင်းမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

၂၆ မေ ၂၀၂၆ | New Day Myanmar

အမေရိကန်အနေနဲ့ အီရန်နဲ့ ခိုင်မာတဲ့ သဘောတူညီချက်တစ်ခု ရရှိအောင် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပေမယ့် သံတမန်ရေးဆွေးနွေးမှုတွေ အဆင်မပြေခဲ့ရင် အခြားနည်းလမ်း နဲ့ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားလိုက်ပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့်က အီရန်စစ်ပွဲ အဆုံးသတ်ဖို့ နီးစပ်နေပြီဆိုတဲ့ မျှော်လင့်ချက်တွေကို လျှော့ချပြောဆိုခဲ့ပြီးနောက် မာကို ရူဘီယိုက အခုလို ထပ်ဆင့်သတိပေးလိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မာကို ရူဘီယိုက ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ အဆိုပြုချက်တစ်ခု ရှိနေကြောင်းနဲ့ ဆွေးနွေးပွဲတွေ နှောင့်နှေးနေမှုအပေါ် အလွန်အကျွံ စိုးရိမ်စရာမလိုဘူးလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်တို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့ကတည်းက အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ထားပေမယ့် ရေလက်ကြားပိတ်ဆို့မှုနဲ့ ဆိပ်ကမ်းပိတ်ဆို့မှုတွေကတော့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါရီက ဆွေးနွေးမယ့် အချက်အလက်အများစုအပေါ် သဘောတူညီမှုရလဒ်အချို့ ထွက်ပေါ်ထားပေမယ့် လက်မှတ်ရေးထိုးဖို့ အဆင့်ကတော့ အလှမ်းဝေးနေသေးတယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

ဒါ့အပြင် လက်ရှိဆွေးနွေးမှုတွေဟာ နျူကလီးယားကိစ္စမဟုတ်ဘဲ စစ်ပွဲအဆုံးသတ်ရေးကိုသာ အဓိကထားနေတာဖြစ်ပြီး အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို ဂရုစိုက်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

သံတမန်ရေးရာ စေ့စပ်ညှိနှိုင်းမှုတွေအရ အီရန်အနေနဲ့ ၎င်းတို့ရဲ့ သန့်စင်ပြီး နျူကလီးယား ယူရေနီယံတွေကို စွန့်ထုတ်ဖို့နဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ မူအားဖြင့် သဘောတူထားပြီး အမေရိကန်ဘက်ကလည်း ရေတပ်ပိတ်ဆို့ထားမှုတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ရှိနေတယ်လို့ သိရပါတယ်။

အခုလို သံတမန်ရေးရာ ဆွေးနွေးမှုတွေ မြင့်တက်နေချိန်မှာပဲ အဓိကကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်နဲ့ စစ်ဦးစီးချုပ် အာဆင် မုနီယာတို့ဟာ တရုတ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ဘေဂျင်းမြို့ကို ရောက်ရှိနေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး