၂၆ မေ ၂၀၂၆ | New Day Myanmar
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့က ICC Pudu Hall မှာ မေလ ၂၅ ရက် ညပိုင်းက ကျင်းပခဲ့တဲ့ တွေ့ဆုံပွဲအခမ်းအနားကို မလေးရှားရောက် မြန်မာနိုင်ငံသား ထောင်နဲ့ချီ တစ်ခဲနက် တက်ရောက်ခဲ့ကြပါတယ်။
ဒီပွဲမှာ UFC ဖိုက်တာ Joshua Van နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ကို ပရိသတ်တွေက ကြိတ်ကြိတ်တိုး ဝန်းရံကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ည ၇ နာရီကနေ ၁၀ နာရီအထိ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ခန်းမအတွင်းတင်မကဘဲ နေရာမဆံ့တဲ့အထိ လူများပြားခဲ့ပြီး ခန်းမအပြင်ဘက်မှာပါ လူဦးရေ ၁,၀၀၀ ကျော်ကနေ ၂,၀၀၀ နီးပါးအထိ လာရောက်အားပေးခဲ့ကြတယ်လို့ ပွဲတက်ရောက်သူတွေက ပြောပါတယ်။
အခမ်းအနားအတွင်း Joshua Van က ပရိသတ်တွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့သလို အမှတ်တရ လက်မှတ်တွေလည်း ရေးထိုးပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုတော် ဖြူဖြူကျော်သိန်းက နွေဦးတော်လှန်ရေးရဲ့ အထိမ်းအမှတ်သီချင်းဖြစ်တဲ့ “ကြယ်” သီချင်းနဲ့ ဖျော်ဖြေခဲ့ရာမှာ တက်ရောက်လာတဲ့ ပရိသတ်တွေက ခန်းမတစ်ခုလုံး ဟိန်းထွက်သွားအောင် သံပြိုင်လိုက်ဆိုခဲ့ကြပါတယ်။
၅ နှစ်တာ တော်လှန်ရေးကာလအတွင်း အသက်စွန့်ခဲ့ရသူတွေကို ရည်စူးပြီး သီဆိုခဲ့တာကြောင့် ပရိသတ်အများအပြား မျက်ရည်ကျခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒီခရီးစဉ်အတွင်းမှာပဲ Joshua Van နဲ့ ဖြူဖြူကျော်သိန်းတို့ဟာ မေလ ၂၇ ရက်နေ့မှာ ကျင်းပမယ့် ချင်းဒုက္ခသည်ကော်မတီ (CRC) ရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကိုလည်း အထူးဧည့်သည်တော်တွေအဖြစ် တက်ရောက်အားဖြည့်ပေးသွားမယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CRC


