Homeပြည်တွင်းသတင်းတော်လှန်ရေးသီချင်း “သွေးသစ္စာ” ကို စစ်တပ်က စာသားပြောင်းပြီး ဝါဒဖြန့်အဖြစ် အသုံးပြု၊ အဆိုတော် မွန်းအောင်က “အနုပညာခိုးယူမှု” အဖြစ် ပြန်လည်တုံ့ပြန်

တော်လှန်ရေးသီချင်း “သွေးသစ္စာ” ကို စစ်တပ်က စာသားပြောင်းပြီး ဝါဒဖြန့်အဖြစ် အသုံးပြု၊ အဆိုတော် မွန်းအောင်က “အနုပညာခိုးယူမှု” အဖြစ် ပြန်လည်တုံ့ပြန်

၂၆ မေ ၂၀၂၆ | New Day Myanmar

လူထုချစ်ခင်ရတဲ့ အဆိုတော် ထူးအိမ်သင် ရေးသားပြီး အဆိုတော် မွန်းအောင် သီဆိုခဲ့တဲ့ နာမည်ကျော် “သွေးသစ္စာ (အရေးကြီးပြီ)” သီချင်းကို စစ်တပ်က စာသားပြောင်းလဲကာ ဝါဒဖြန့်သီချင်းအဖြစ် အသုံးပြုနေတယ်လို့ သိရပါတယ်။

၁၉၉၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အဲဒီ တော်လှန်ရေးသီချင်းကို စစ်တပ်က “စစ်သားသွေးနီ ရှေ့သို့ချီ” ဆိုတဲ့ အမည်နဲ့ ပြန်လည်ပြုပြင်အသုံးပြုခဲ့တာဖြစ်ပြီး မေလ ၂၄ ရက်နေ့ကစလို့ စစ်လော်ဘီ မြဝတီရုပ်သံကနေ ထုတ်လွှင့်ပြသနေတယ်လို့ ဆိုပါတယ်။

ဒီသီချင်းနဲ့ပတ်သက်ပြီး စီစဉ်ထုတ်လုပ်သူ ဝင်းမော် (ရွှေသံစဉ်) ကတော့ မူရင်းသီချင်းဟာ ၁၉၆၀ ဝန်းကျင်က “ဇာနည်စစ်သွေး” ဆိုသူ ရေးသားခဲ့တာဖြစ်ပြီး ထူးအိမ်သင်က ပြန်လည်ယူသုံးခဲ့တာလို့ မြဝတီရုပ်သံမှာ ပြောဆိုထားပါတယ်။

ဒါပေမဲ့ အဆိုတော် မွန်းအောင်ကတော့ အဲဒီပြောဆိုချက်ဟာ လုပ်ကြံဖန်တီးထားတာသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ကြောင်း သိရပါတယ်။

“စစ်တပ်နဲ့ သူတို့အလိုတော်ရိတွေဟာ လူထုကြိုက်မယ့် အနုပညာကို အသစ်မဖန်တီးတတ်တဲ့အခါ ပြည်သူတွေကြိုက်နှစ်သက်တဲ့ သီချင်းကို ဇာတ်လမ်းအတုဆင်ပြီး ပြည်သူနဲ့ သူ့တပ်ကို လှည့်ဖြားဖို့ ကြိုးစားတာပါပဲ” လို့ အဆိုတော် မွန်းအောင်က မေလ ၂၆ ရက်နေ့မှာ လူမှုကွန်ရက်ကနေတစ်ဆင့် ဝေဖန်ရေးသားခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ထူးအိမ်သင်ရဲ့ အနုပညာလက်ရာကို ခိုးယူပြီး သူတို့စိတ်ကြိုက် စာသားပြောင်းလဲ အသုံးပြုနေတာဖြစ်ကြောင်းနဲ့ အရင်စစ်အစိုးရလက်ထက်တွေတုန်းကလည်း ဒီသီချင်းကို အလားတူ ဝါဒဖြန့်မှုတွေအတွက် အသုံးပြုခဲ့ဖူးတယ်လို့ မွန်းအောင်က ပြောထားပါတယ်။

“သွေးသစ္စာ” သီချင်းဟာ ၁၉၈၈ နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ လူငယ်တွေကြား ခွန်အားဖြစ်စေခဲ့တဲ့ ထင်ရှားတဲ့ တော်လှန်ရေးသီချင်းတစ်ပုဒ်အဖြစ် ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး