၂၄ မတ်လ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပသမ်ဝမ်နယ်မြေအတွင်းက ဈေးဝယ်စင်တာတစ်ခုမှာ ခရီးသွားအမျိုးသမီးတယောက်ရဲ့ ကျောပိုးအိတ် ခိုးယူခံရမှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့က အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၂ ရက်နေ့ ညနေ ၇ နာရီ ၄၀ မိနစ်ခန့်မှာ ဗီယက်နမ်နိုင်ငံသူတယောက်ဟာ ဈေးဝယ်စင်တာအတွင်း ဈေးဝယ်နေစဉ် သူမရဲ့ အိတ်ကို ခိုးယူခံခဲ့ရတာဖြစ်ပြီး၊ မိမိပစ္စည်းပျောက်ဆုံးတာကို သိရှိပြီးနောက် ၈ နာရီ ၂၃ မိနစ်မှာ ပသမ်ဝမ်ရဲစခန်းကို ချက်ချင်း သွားရောက်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေကို စစ်ဆေးပြီး သံသယရှိသူကို ခြေရာခံခဲ့ရာ ဈေးဝယ်စင်တာကနေ ဖယာထိုင်းလမ်းက တဆင့် ဆွိုင်နွမ်ဂျစ်အတွင်းရှိ နေရာတစ်ခုကို ထွက်ခွာသွားတာကို တွေ့ရှိခဲ့ပြီးနောက် အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသားကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရာမှာ နစ်နာသူရဲ့ ပစ္စည်းတွေဖြစ်တဲ့ ကျောပိုးအိတ်၊ ထိုင်းဘတ်ငွေ ၉,၅၀၀ ဘတ်နဲ့ နိုင်ငံခြားငွေတွေကို ပြန်လည် သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူကလည်း ပြစ်မှုကျူးလွန်ခဲ့တာကို ဝန်ခံခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ သံသယရှိသူကို ထိုင်းနိုင်ငံ ဥပဒေအရ ခိုးမှု နဲ့ အမှုဖွင့် တရားစွဲဆိုထားပြီး ဆက်လက် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။


