၁၉ ဇွန် ၂၀၂၆ | New Day Myanmar
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့မှာ နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးအပ်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရိုင်းကို ထိုင်းရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။
ကိုနေရိုင်းနဲ့ အဖွဲ့ဟာ ဒီကနေ့ ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့ကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းတွေ ဝေငှခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက် ကြိုတင်ခွင့်ပြုချက်တောင်းခံထားခြင်း မရှိဘဲ လူစုလူဝေးဖြစ်ပေါ်အောင် ပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းရဲတပ်ဖွဲ့က ကိုနေရိုင်းနဲ့ ပါဝင်သူအချို့ကို ခေါ်ယူမေးမြန်းခဲ့တယ်လို့ လှုပ်ရှားမှုမှာ ပါဝင်သူတွေက ပြောပါတယ်။
ကိုနေရိုင်းကတော့ သူ့ကို ဖမ်းဆီးအရေးယူတာမဟုတ်ဘဲ ခေါ်ယူစစ်ဆေးမေးမြန်းတာဖြစ်ပြီး ရဲစခန်းကနေ ပြန်လည်ထွက်ခွာလာပြီလို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
“ကျွန်တော် ရဲစခန်းကနေ ပြန်လာပါပြီ။ ခေါ်စစ်ဆေးတာပါ။ အမေဇုန်ကော်ဖီလည်း ကျွန်တော့်ကို ဝယ်တိုက်လိုက်တယ်။ ရဲစခန်းတစ်ခုလုံးကိုလည်း အမေ့ရဲ့ မွေးနေ့အမှတ်တရ နှင်းဆီပန်းတွေ ဝေပေးခဲ့တယ်” လို့ ကိုနေရိုင်းက ရေးသားထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ပုံ ပါရှိတဲ့ သူဝတ်ဆင်ထားတဲ့ အင်္ကျီပေါ်မှာ ထိုင်းရဲအရာရှိတွေကို အမှတ်တရလက်မှတ်ထိုးခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။
“ဥပဒေစိုးမိုးတဲ့ ထိုင်းနိုင်ငံနဲ့ ဥပဒေအတိုင်း စိစစ်မေးမြန်းကြတဲ့ ထိုင်းအရာရှိအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ကိုနေရိုင်းက ဆက်လက်ရေးသားထားပါတယ်။
ခေါ်ယူမေးမြန်းခံခဲ့ရသူအားလုံးဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ ပြန်လည်လွတ်မြောက်လာခဲ့ပြီး အမှုဖွင့်အရေးယူခံရတာ မရှိဘူးလို့ သိရပါတယ်။
ကိုနေရိုင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၈ ရက်ကလည်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကို နှင်းဆီပန်းတွေ သွားရောက်ပေးအပ်ခဲ့ပါတယ်။
ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအတွင်းနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက နှင်းဆီပန်းဝေငှတာ၊ မွေးနေ့ဆုတောင်းပွဲတွေ ပြုလုပ်တာနဲ့ သူမ လွတ်မြောက်ရေးတောင်းဆိုတာတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့ကြပါတယ်။


