Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ယူကေတောင်းဆို

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ယူကေတောင်းဆို

၁၉ ဇွန် ၂၀၂၆ | New Day Myanmar

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ယူကေအစိုးရက တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်မှာ ယူကေရဲ့ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Seema Malhotra က မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ထောက်ပြပြောဆိုရင်း အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာပင် ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်တောက်ခံထားရပြီး စစ်အုပ်စုရဲ့ ထိန်းသိမ်းမှုအောက်မှာ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ Seema Malhotra က ဆိုပါတယ်။

ယူကေအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကြောင်းပြချက်တွေနဲ့ မတရားဖမ်းဆီးခံထားရသူအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုတယ်လို့လည်း ပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ လွတ်လပ်တဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေကို ပုံမှန်တွေ့ဆုံခွင့် မရရှိသေးပါဘူး။

သူမရဲ့ လက်ရှိတည်နေရာ၊ ကျန်းမာရေးနဲ့ ဘေးကင်းကောင်းမွန်မှုအခြေအနေကိုလည်း လွတ်လပ်တဲ့အဖွဲ့အစည်းတွေက ယုံကြည်စိတ်ချရစွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံအတွင်း စစ်အုပ်စုရဲ့ ဖမ်းဆီးဖိနှိပ်မှုတွေကြောင့် နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူအများအပြား ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေက သူတို့ကို ပြန်လွှတ်ပေးဖို့ ဆက်တိုက်တောင်းဆိုနေကြပါတယ်။

ဆက်စပ် သတင်းများ

Most Read