Homeပြည်တွင်းသတင်း"81 for 81 အမေစုချက်ချင်းလွှတ်" စာတန်းနဲ့ ရန်ကုန်မြို့ မြောက်ဒဂုံ ဘေလီတံတားထိပ်မှာ ဘန်နာချိတ်ဆွဲ

“81 for 81 အမေစုချက်ချင်းလွှတ်” စာတန်းနဲ့ ရန်ကုန်မြို့ မြောက်ဒဂုံ ဘေလီတံတားထိပ်မှာ ဘန်နာချိတ်ဆွဲ

၁၉ ဇွန် ၂၀၂၆ | New Day Myanmar

“81 for 81 အမေစုချက်ချင်းလွှတ်” စာတန်းနဲ့ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ဘေလီတံတားထိပ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအနီးမှာ ဘန်နာချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်အုပ်စုရဲ့ လုံခြုံရေးတင်းကြပ်မှုတွေကြားက အခုလို ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

“စာတန်းချိတ်တဲ့နေရာနဲ့ စစ်တပ်လုံခြုံရေးယူထားတဲ့ ဓမ္မာရုံနေရာက နီးနီးလေးပါ။ ချိတ်ပြီး တော်တော်ကြာမှ စစ်တပ်ကလူတွေနဲ့ လုံခြုံရေးယူထားတဲ့ ရဲတွေရောက်လာတယ်။ စာတန်းကို ဖြုတ်သိမ်းသွားပြီး အော်ဆဲနေကြတယ်” လို့ အဲဒီနေရာအနီးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဒီလှုပ်ရှားမှုကို ပစ်တိုင်းထောင်လေးများသပိတ်အဖွဲ့ ရဲဘော်တွေက ဦးဆောင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ ဒီကနေ့ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အတွက် နှင်းဆီသပိတ်ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် မြို့တွင်းလုံခြုံရေးနဲ့ စောင့်ကြည့်စစ်ဆေးမှုတွေကို တိုးမြှင့်ထားခဲ့တာဖြစ်ပါတယ်။

အခုလို လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုတဲ့ စာတန်းကို ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – ပစ်တိုင်းထောင်လေးများသပိတ်အဖွဲ့

ဆက်စပ် သတင်းများ

Most Read