၁၆ မေ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မေလ ၁၆ ရက်နေ့ နေ့ခင်းပိုင်းက မက်ကဆန်ဘူတာအနီး ရထားလမ်းကူးနေရာတစ်ခုမှာ ရထားနဲ့ ဘတ်စ်ကား တိုက်မိပြီး လူ ၈ ဦး သေဆုံးကာ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်ဟာ ဒီနေ့ နေ့ခင်း ၃ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ရထားလမ်းကူးနေရာမှာ ရထားလာနေချိန် ဘတ်စ်ကားက ဖြတ်မောင်းရာမှ မလွတ်ဘဲ တိုက်မိခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။
ရထားနဲ့ ဘတ်စ်ကား တိုက်မိပြီးနောက် ဘတ်စ်ကားမှာ မီးလောင်ကျွမ်းခဲ့သလို ပေါက်ကွဲသံတွေပါ ကြားခဲ့ရတယ်လို့ သိရပါတယ်။
မီးငြိမ်းသတ်ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေက ဘတ်စ်ကားအတွင်းမှ ရုပ်အလောင်း ၈ လောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ထို့ပြင် ဘတ်စ်ကားအပြင် အိမ်စီးကားငယ်တစ်စီးလည်း တိုက်မိခဲ့ပြီး မီးလောင်မှုထဲ ပါဝင်သွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ ပို့ဆောင်ကုသပေးနေပြီး ဖြစ်စဉ်အကြောင်းရင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်စုံစမ်းနေပါတယ်။


