၁၇ မေ ၂၀၂၆ | New Day Myanmar
ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂို (DRC) မှာ ကူးစက်မြန် အီဘိုလာ (Ebola) ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် လူပေါင်း ၈၈ ဦး သေဆုံးခဲ့ပြီး သံသယလူနာ ၃၃၆ ဦးအထိ ရှိလာခဲ့တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၁၇ ရက်နေ့မှာ နိုင်ငံတကာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာလိုက်ပါတယ်။
လက်ရှိကူးစက်နေတဲ့ ဗိုင်းရပ်စ်ဟာ “Bundibugyo” လို့ခေါ်တဲ့ အီဘိုလာမျိုးစိတ်သစ်ဖြစ်ပြီး အဲဒီမျိုးစိတ်အတွက် ကာကွယ်ဆေးနဲ့ သီးသန့်ကုသဆေး မရှိသေးဘူးလို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေမှာ သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်းအထိရှိနေပြီး ကူးစက်မှုဟာ အိမ်နီးချင်း ယူဂန်ဒါနိုင်ငံအထိ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
နောက်ဆုံးကူးစက်မှုကို ကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်း အီတူရီ (Ituri) ပြည်နယ်မှာ မေလ ၁၅ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပြီး ဧပြီ ၂၄ ရက်နေ့က ဗိုင်းရပ်စ်လက္ခဏာတွေနဲ့ ဆေးရုံတက်ခဲ့တဲ့ သူနာပြုတစ်ဦးဆီကနေ စတင်ကူးစက်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာ ရောဂါပိုးရှိသူတွေကို သီးသန့်ခွဲထားဖို့ နေရာမလုံလောက်တာကြောင့် လူနာအချို့ဟာ အိမ်မှာပဲ သေဆုံးနေကြရပြီး မိသားစုဝင်တွေက ရုပ်အလောင်းတွေကို ကိုင်တွယ်နေရတာကြောင့် ကူးစက်မှု ပိုမိုမြန်ဆန်လာနေတယ်လို့ သိရပါတယ်။
နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ကလည်း ကာလတိုအတွင်း ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း မြင့်တက်လာတာဟာ အလွန်စိုးရိမ်စရာကောင်းတယ်လို့ သတိပေးထားပါတယ်။
ထို့ပြင် ကွန်ဂိုနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ကျန်းမာရေး အခြေခံအဆောက်အအုံ အားနည်းမှုတွေကြောင့် ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ပို့ဆောင်ရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ MSF က ဆိုပါတယ်။
အီဘိုလာဗိုင်းရပ်စ်ဟာ လင်းနို့တွေဆီကနေ စတင်ကူးစက်လာတာဖြစ်ပြီး ခန္ဓာကိုယ်တွင်း သွေးယိုစီးမှုနဲ့ ကိုယ်တွင်းအင်္ဂါပျက်စီးမှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ရောဂါပိုးဟာ လူနာတွေရဲ့ သွေးနဲ့ ခန္ဓာကိုယ်ထွက်ရည်တွေကနေတစ်ဆင့် လူအချင်းချင်း ကူးစက်တာဖြစ်တယ်လို့ သိရပါတယ်။
WHO ကတော့ ကွန်ဂိုနိုင်ငံမှာ အီဘိုလာကူးစက်မှု ဖြစ်ပွားတာဟာ ယခုအကြိမ်အပါအဝင် ၁၇ ကြိမ်မြောက်ရှိပြီဖြစ်ပြီး အစောပိုင်း နမူနာစစ်ဆေးချက်တွေအရ လက်ရှိတွေ့ရှိထားတာထက် ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်းကူးစက်မှု ဖြစ်လာနိုင်ခြေရှိတယ်လို့ သတိပေးထားပါတယ်။


