၃ ဧပြီ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ ဘန်ကောက် မှာ ၇ နှစ်အရွယ် သမီးဖြစ်သူကို လည်ပင်းညှစ်သတ်ခဲ့တယ်လို့ သံသယရှိတဲ့ မြန်မာအမျိုးသမီးတဦးကို ထွက်ပြေးသွားပြီးနောက် ကိုလန်ကျွန်းမှာ ဧပြီ ၂ ရက်ကဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သံသယရှိသူမှာ အသက် ၃၄ နှစ်အရွယ် မမျိုးပပထွန်း ဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနဲ့ မင်ဘူရီ ရာဇဝတ်တရားရုံး က ဖမ်းဝရမ်း (အမှတ် ၅၇၈/၂၅၆၉) ထုတ်ထားတဲ့ အလိုရှိသူတဦး ဖြစ်ပါတယ်။
ဖြစ်စဉ်က ၁ ဧပြီ ၂၀၂၆ ရက်နေ့မှာ မင်ဘူရီခရိုင် ၊ ရာမကမ်ဟမ်း ၁၉၀ လမ်းသွယ် ၅ ထဲက နေအိမ်တစ်ခုမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကလေးငယ်ကို လည်ပင်းညှစ်သတ်ခဲ့ပြီးနောက် သံသယရှိသူဟာ နေရာကနေ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ပြီးနောက် သံသယရှိသူကို ကိုလန်းကျွန်းဘက်မှာ လိုက်လံဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အမှုနဲ့ပတ်သက်ပြီး ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ဓါတ်ပုံ – Khaosod News


