Homeပြည်တွင်းသတင်းမြန်မာအမျိုးသမီးငယ်ကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားသူ ၃ ဦး ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခံရ

မြန်မာအမျိုးသမီးငယ်ကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားသူ ၃ ဦး ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခံရ

၁၈ ဇွန် ၂၀၂၆ | New Day Myanmar

အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးငယ်တစ်ဦးကို တရုတ်နိုင်ငံမှာ ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားပြီး ရရှိတဲ့ ငွေကြေးအကျိုးအမြတ်တွေကို ခေါင်းပုံဖြတ်ယူခဲ့သူ ၃ ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

မရမ်းကုန်းခရိုင်တရားရုံးက ဇွန်လ ၁၆ ရက်မှာ ဟိန်းလင်းထက်၊ အိသန္တာဖြိုးနဲ့ မလုတောင်တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးငယ်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံမှာ တရုတ်အမျိုးသားတစ်ဦးနဲ့ လက်ထပ်ပါက ငွေကျပ်သိန်း ၁၅၀ ရမယ်လို့ ပြောဆိုစည်းရုံးခဲ့တာလို့ စစ်အုပ်စုအစိုးရရဲ့ထုထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်နှစ်ခန့် အတူနေထိုင်ပြီး ကလေးတစ်ဦးမွေးပြီးပါက မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်ပေးမယ်လို့လည်း စည်းရုံးခဲ့ကြောင်း သိရပါတယ်။

အမျိုးသမီးငယ်ကို ရန်ကုန်မြို့ကနေ မူဆယ်မြို့အထိ ပို့ဆောင်ခဲ့ပြီး ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နဲ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ မလုတောင်ထံ လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။

မလုတောင်က အမျိုးသမီးငယ်ကို အာဖိန်ဆိုတဲ့ တရုတ်အမျိုးသားတစ်ဦးနဲ့ တွေ့ဆုံပေးခဲ့ပြီးနောက် ဇနီးမယားအဖြစ် အတူနေထိုင်စေခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

အမျိုးသမီးငယ်အတွက် ငွေကျပ်သိန်း ၇၀ ပေးအပ်ခဲ့ပေမယ့် ကျန်ရှိတဲ့ငွေတွေကို လူကုန်ကူးမှုမှာ ပါဝင်သူတွေက ပွဲစားခ၊ ချေးငွေနဲ့ အခြားအကျိုးအမြတ်တွေအဖြစ် ခွဲဝေရယူခဲ့တယ်လို့ သိရပါတယ်။

တရုတ်အမျိုးသားဘက်ကလည်း အမျိုးသမီးငယ်နဲ့ အတူနေထိုင်နိုင်ရေးအတွက် မလုတောင်ထံ ယွမ် ၁၅၀,၀၀၀ ပေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် အမျိုးသမီးငယ်အတွက် နိုင်ငံကူးလက်မှတ်၊ လက်ထပ်စာချုပ်နဲ့ ဗီဇာပြုလုပ်ဖို့ ရွှေလီ၊ မူဆယ်၊ မန္တလေးနဲ့ ရန်ကုန်မြို့တို့ကို အဆင့်ဆင့်သွားလာခဲ့ကြပါတယ်။

ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုမှာ အမျိုးသမီးငယ်၊ တရုတ်အမျိုးသားနဲ့ မလုတောင်တို့ တည်းခိုနေစဉ် တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးခဲ့ပြီး လူကုန်ကူးမှုဖြစ်စဉ်ကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးချက်တွေအရ အမျိုးသမီးငယ်ကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားကာ ရရှိတဲ့ငွေကြေးအကျိုးအမြတ်တွေကို ခေါင်းပုံဖြတ်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့တဲ့အတွက် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုက တရားလိုပြုလုပ် တိုင်ကြားခဲ့ပါတယ်။

အဲဒီနောက် မရမ်းကုန်းမြို့မရဲစခန်းမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ နဲ့ အမှုဖွင့်တရားစွဲခဲ့ပြီး တရားခံ ၃ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး