၃၀ ဇွန် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်မှာ လေယာဉ်လက်မှတ်အတုကြောင့် ခရီးဆက်မသွားနိုင်ဘဲ ပိတ်မိနေခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦးကို မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
ဒေါ်စောနန်းကြည်ဟာ အိုမန်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာစဉ် သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးတစ်ထောက်နားနေပြီး ရန်ကုန်ကို ဆက်သွားမယ့် လေယာဉ်လက်မှတ်ကို စစ်ဆေးရာ အတုဖြစ်နေကြောင်း တွေ့ရှိခဲ့တာကြောင့် လေဆိပ်ထဲမှာ ပိတ်မိပြီး အခက်အခဲကြုံခဲ့ရတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကို ထိုင်းလေဆိပ်ရဲတပ်ဖွဲ့က ဇွန်လ ၂၉ ရက်မှာ ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးကို အကြောင်းကြားခဲ့ပြီးနောက် သံအရာရှိရုံးက လေဆိပ်တာဝန်ရှိသူတွေနဲ့ ချက်ချင်းညှိနှိုင်းပေးခဲ့ပါတယ်။
အဲဒီနောက် Myanmar National Airlines နဲ့ ဆက်သွယ်ပြီး လေယာဉ်လက်မှတ်အသစ် စီစဉ်ပေးတာအပါအဝင် လိုအပ်တဲ့ အကူအညီတွေ ဆောင်ရွက်ပေးခဲ့တာကြောင့် ဒေါ်စောနန်းကြည်ဟာ မြန်မာနိုင်ငံကို ဘေးကင်းကင်း ပြန်လည်ထွက်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ — မြန်မာအလုပ်သမားသံအရာရှိရုံး


