၃၀ ဇွန် ၂၀၂၆ | New Day Myanmar
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့တွေက ဇွန်လ ၁၅ ရက်မှာ ခေါ်ယူထိန်းသိမ်းခဲ့တဲ့ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ကိုင်း PDF) ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်ဟာ ဇွန်လ ၂၉ ရက် ညပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
ကိုစစ်ငြိမ်းနိုင်ဟာ ကသာခရိုင်ကွပ်ကဲရေးမှူး ဒူချွန်ဇော်ဆိုင်းက “အမှတ် (၁) စစ်ဒေသမှူးက တွေ့ချင်တယ်” လို့ ပြောပြီး ခေါ်ဆောင်သွားပြီးနောက် မိခင်တပ်ရင်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။
သူ့ကို အမှတ် (၁) စစ်ဒေသရုံးမှာ နှစ်ပတ်နီးပါး ထိန်းသိမ်းထားပြီးနောက် ပြန်လည်လွှတ်ပေးခဲ့တာလို့ စစ်ဒေသရုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ကိုစစ်ငြိမ်းနိုင်နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ရဲဘော်သုံးဦးပါ ပြန်လည်လွတ်မြောက်လာတာ ရှိ၊ မရှိကို မသိရသေးပါဘူး။
ကိုစစ်ငြိမ်းနိုင် လွတ်မြောက်မလာခင် ဇွန်လ ၂၈ ရက်မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကောင်စီဝင်တွေ၊ NUG ကာကွယ်ရေးဝန်ကြီးနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား မြေပြင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး သုံးနာရီကြာ အရေးပေါ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲမတိုင်ခင် NUCC က စစ်ကိုင်း PDF၊ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ 96 Soldiers အဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြေပြင်အခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။
NUG လက်အောက်ခံတပ်ဖွဲ့တွေက အဲဒီတပ်ဖွဲ့တွေက ခေါင်းဆောင်နဲ့ ရဲဘော်တချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် တော်လှန်ရေးအဖွဲ့တွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ကိုစစ်ငြိမ်းနိုင် ပြန်လည်လွတ်မြောက်လာပေမယ့် အခြားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေရဲ့ အခြေအနေနဲ့ မြေပြင်ပဋိပက္ခတွေကို ရေရှည်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ဆက်လက်လိုအပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီလွတ်မြောက်မှုနဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမှတ် (၁) စစ်ဒေသက တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။


