Homeပြည်တွင်းသတင်းဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဖွဲ့စည်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဖွဲ့စည်း

၃၀ မတ် ၂၀၂၆ | New Day Myanmar

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့နဲ့ တော်လှန်ရေးအောင်မြင်ရေးကို အရှိန်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကောင်စီကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအင်အားစုတွေ (KNPP၊ IEC၊ KSCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ပါဝင်ပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။

SCEF ကို ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင်ဆိုပြီး မဏ္ဍိုင်သုံးရပ်အခြေခံပြီး ဖွဲ့စည်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်အရ ဒီကောင်စီဖွဲ့စည်းတာဟာ လက်ရှိတော်လှန်ရေးကို တဆင့်တက်ပြီး အသွင်ကူးပြောင်းရေးကာလအစီအမံတွေကို အတည်ပြုနိုင်ဖို့၊ အသွင်ကူးပြောင်းရေးအစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းတွေကို လက်တွေ့ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စတွေကို ညှိနှိုင်းဦးဆောင်နိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။

SCEF က သူတို့ရဲ့ အဓိက ရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံးကို အမြစ်ပြတ်ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ် တည်ဆောက်ရေးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူမျိုးစုံရဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ကာကွယ်မြှင့်တင်ပြီး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုကို တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

SCEF က နိုင်ငံရေးဦးတည်ချက် ၆ ချက်ကိုလည်း ထုတ်ပြန်ထားပြီး စစ်အာဏာသိမ်းမှု ဖယ်ရှားရေး၊ စစ်တပ်ရဲ့ နိုင်ငံရေးပါဝင်မှု အဆုံးသတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေသစ် ရေးဆွဲရေးတို့ ပါဝင်ပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအောက်မှာ ထားရှိရေးနဲ့ ပဋိပက္ခအတွင်း ထိခိုက်နစ်နာသူတွေ အတွက် တရားမျှတမှုရရှိရေးကိုလည်း ဦးစားပေးထားပါတယ်။

ကောင်စီအနေနဲ့ “Shared Sovereignty” မူကို ကိုင်စွဲပြီး အချုပ်အခြာအာဏာကို ပြည်သူတွေ ပိုင်ဆိုင်တဲ့စနစ်နဲ့ ဖက်ဒရယ်ယူနစ်တွေကြား မျှဝေသုံးစွဲသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံရေးဆုံးဖြတ်ချက်တွေကိုတော့ EROs၊ ဒီမိုကရေစီအင်အားစုတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ နဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ပါဝင်တဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် “one policy, one strategy” မူကို ကျင့်သုံးပြီး စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေကို ပေါင်းစပ်ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း နွေဦးတော်လှန်ရေးအစမှာ ဖွဲ့စည်းခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ရေးဆွဲခဲ့တဲ့ NUCC ရဲ့ အခန်းကဏ္ဍ မပါဝင်သလို ဖြစ်နေတဲ့အပေါ် စောင့်ကြည့်မှုတွေ ရှိနေပါတယ်။

SCEF အောက်မှာ စစ်အောင်နိုင်ရေး မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရေးကော်မတီတခုကိုလည်း ဆက်လက်ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကောင်စီမှာ ရှမ်းဒေသက လက်နက်ကိုင်အဖွဲ့တချို့ နဲ့ အာရက္ခတပ်တော် (AA) မပါဝင်သေးဘူးလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး