၃၀ မတ် ၂၀၂၆ | New Day Myanmar
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟာ ကာကွယ်ရေးဦးစီးချုပ်ရာထူးကနေ အနားယူပြီး ရဲဝင်းဦး ကို တပ်ချုပ်အသစ်အဖြစ် ဒီကနေ့ မတ် ၃၀ ရက် မနက်ပိုင်းမှာပဲ လွှဲပြောင်းပေးလိုက်ပါတယ်။
နေပြည်တော် စစ်ရုံးမှာ တပ်ချုပ်လွှဲပြောင်းမှုကို စစ်ရေးပြအခမ်းအနားနဲ့ ပြုလုပ်ခဲ့ပြီး တပ်ချုပ်ဟောင်း မင်းအောင်လှိုင်နဲ့ တပ်ချုပ်အသစ် ရဲဝင်းဦးတို့က မိန့်ခွန်းတွေ ပြောကြားခဲ့တယ်လို့ စစ်တပ်ပိုင် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အခုလို တပ်ချုပ်ရာထူး လွှဲပြောင်းမှုဟာ စစ်ကော်မရှင်အတွင်း ထိပ်ပိုင်းခေါင်းဆောင်မှုအပြောင်းအလဲတွေ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေတဲ့အခြေအနေအောက်မှာ ဖြစ်လာတာဖြစ်ပါတယ်။ ကာလရှည်ကြာ နံပါတ် ၂ နေရာကို ရယူထားတဲ့ စိုးဝင်း ကိုလည်း ရာထူးမှ ဖယ်ရှားလိုက်ပြီး ခေါင်းဆောင်အဖွဲ့ကို ပြန်လည်ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရဲဝင်းဦးဟာ မတ် ၄ ရက်မှာ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် ရာထူးတိုးခံခဲ့ရပြီး မတ် ၂၉ ရက်ကစပြီး ဗိုလ်ချုပ်မှူးကြီးအဆင့်နဲ့ တပ်ချုပ်ရာထူးကို တိုက်ရိုက် လက်ခံယူခဲ့တာဖြစ်ပါတယ်။
ထို့အပြင် ယခင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဖြစ်တဲ့ ကျော်စွာလင်း ကိုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးအဆင့်သို့ တိုးမြှင့်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသူတွေကတော့ ဒီလို ထိပ်ပိုင်းရာထူးအပြောင်းအလဲတွေဟာ မင်းအောင်လှိုင်ဘက်က သူ့အာဏာကို ထိန်းချုပ်နိုင်ဖို့ လူယုံတော်တွေကို အနီးကပ်ထားပြီး အဖွဲ့အစည်းအတွင်း ပြန်လည်ဖွဲ့စည်းနေတဲ့ လက္ခဏာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။


