၂၈ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာစစ်တပ်က စစ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်ခဲ့တဲ့ ၂၀၂၆ ခုနှစ် မတ်လနောက်ပိုင်းကစပြီး အရပ်သားတွေအပေါ် ဖိနှိပ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာပြီး စစ်ရေးနည်းဗျူဟာ ပြောင်းလဲအသုံးပြုလာတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း မြင့်တက်လာတယ်လို့ Armed Conflict Location & Event Data Project (ACLED) က ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“State repression increases under the Myanmar military’s new leadership” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာအရ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလမှာ သမ္မတတာဝန်ယူပြီးနောက် ဗိုလ်ချုပ် ရဲဝင်းဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ရာကနေ စစ်တပ်ရဲ့ စစ်ဆင်ရေးပုံစံ ပြောင်းလဲလာခဲ့တယ်လို့ ဆိုပါတယ်။
ACLED ရဲ့ သုံးသပ်ချက်အရ စစ်တပ်ဟာ ယခင်ကလို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများများ မလုပ်တော့ဘဲ ဂျက်တိုက်လေယာဉ် ၂ စင်းကနေ ၅ စင်းအထိ ပါဝင်တဲ့ အဖွဲ့လိုက်နဲ့ ပစ်မှတ်တစ်ခုတည်းကို အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်တဲ့ နည်းဗျူဟာကို ပိုမိုအသုံးပြုလာပါတယ်။ အဲဒီကြောင့် တိုက်ခိုက်မှုဖြစ်စဉ် အရေအတွက် လျော့ကျလာပေမယ့် အရပ်သားသေဆုံးမှုနဲ့ အခြေခံအဆောက်အအုံ ပျက်စီးမှုကတော့ ပိုမိုများပြားလာတယ်လို့ ဖော်ပြထားပါတယ်။
အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင် ၁၇ ရက်အထိ စစ်တပ်ရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်မှုလို အဝေးပစ်တိုက်ခိုက်မှု (remote violence) ဖြစ်စဉ်စုစုပေါင်းက တဖြည်းဖြည်း လျော့ကျလာပေမယ့် ချင်း၊ ကရင်၊ ရခိုင်ပြည်နယ်တွေနဲ့ ပဲခူးအရှေ့ပိုင်း၊ မကွေး၊ စစ်ကိုင်းတိုင်းတို့လို အဓိက တိုက်ပွဲပြင်းထန်တဲ့ ဒေသတွေမှာ ဆက်လက်စုစည်းဖြစ်ပွားနေပြီး အရပ်သားထိခိုက်သေဆုံးမှု မြင့်မားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ မင်္ဂလာဆောင်တွေ၊ ဘာသာရေးပွဲတော်တွေ၊ အိုးအိမ်စွန့်ခွာထွက်ပြေးသူ (IDP) တွေ ခိုလှုံရာနေရာတွေအပြင် တော်လှန်ရေးတပ်ဖွဲ့တွေ ဖွင့်လှစ်ထားတဲ့ ဖမ်းဆီးထိန်းသိမ်းရေးစခန်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ တိုးလာတယ်လို့ ACLED က ဖော်ပြထားပါတယ်။ ၂၀၂၆ ခုနှစ်အတွင်း တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းသိမ်းရေးစခန်းတွေကို လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ခြောက်ကြိမ် ပြုလုပ်ခဲ့ပြီး လူ ၁၅၃ ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေလည်း ဆက်လက်ဖြစ်ပွားနေပြီး ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း စစ်တပ်ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၂ ကြိမ်ကျော်ကို မှတ်တမ်းတင်ထားကာ အရပ်သား ၄၅၀ ကျော် သေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီသေဆုံးမှုတွေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးဟာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတို့ ပါဝင်တဲ့ အညာဒေသမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
မြို့ပြဒေသတွေမှာလည်း ဒစ်ဂျစ်တယ်စောင့်ကြည့်မှုနဲ့ ပစ်မှတ်ထားဖမ်းဆီးမှုတွေ ပိုမိုတိုးလာတယ်လို့ ACLED က သုံးသပ်ထားပါတယ်။ စစ်တပ်ဟာ Person Scrutinization and Monitoring System (PSMS) နဲ့ AI နည်းပညာသုံး စောင့်ကြည့်ကင်မရာတွေကို အသုံးပြုပြီး အစိုးရဆန့်ကျင်သူတွေကို ခြေရာခံဖမ်းဆီးနိုင်စွမ်း တိုးလာသလို၊ ရန်ကုန်၊ ဧရာဝတီနဲ့ မန္တလေးတိုင်းတွေမှာ ညအိပ်ဧည့်စာရင်းစစ်ဆေးမှု၊ ဖမ်းဆီးမှုနဲ့ အတင်းအကျပ် စစ်သားစုဆောင်းမှုတွေ ပိုမိုဖြစ်ပွားနေတယ်လို့ ဖော်ပြထားပါတယ်။ စစ်တပ်ရဲ့ ကိုယ်ပိုင်အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် မေလအထိ အွန်လိုင်းရေးသားဖော်ပြမှုနဲ့ ဆက်စပ်ပြီး လူ ၂၀,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
Reuters ကလည်း ACLED ရဲ့ အစီရင်ခံစာကို ကိုးကားပြီး စစ်ခေါင်းဆောင်သစ် လက်ထက်မှာ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာနေချိန်မှာပဲ စစ်အစိုးရဟာ ဒေသတွင်း သံတမန်ရေးဆက်ဆံမှုတွေကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။


