၁၇ ဇွန် ၂၀၂၆ | New Day Myanmar
စစ်ကိုင်းတိုင်းအခြေစိုက် စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်နဲ့ ရဲဘော် ၃ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ အမှတ် (၁) စစ်ဒေသက ခေါ်ဆောင်သွားပြီးနောက် ဇွန်လ ၁၇ ရက်အထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ခေါ်ဆောင်ခံရသူတွေဟာ စစ်ကိုင်း PDF ကွပ်ကဲရေးမှူး ကိုစစ်ငြိမ်းနိုင်၊ ရဲဘော်ပေါက်စ၊ ရဲဘော်အားကျူနဲ့ ရဲဘော်ကျော်လေးတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်အရ ဇွန်လ ၁၅ ရက်မှာ အမှတ် (၁) စစ်ဒေသမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဒွဲက တွေ့ဆုံလိုကြောင်း ပြောဆိုပြီး ကသာခရိုင်ကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီး ချွန်ဇော်ဆိုင်းအဖွဲ့က လာရောက်ခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ကိုစစ်ငြိမ်းနိုင်တို့ကို တရားဝင်ဖမ်းဆီးထိန်းသိမ်းထားတာလား၊ တွေ့ဆုံစစ်ဆေးဖို့သာ ခေါ်ဆောင်သွားတာလားဆိုတာကိုလည်း အမှတ် (၁) စစ်ဒေသဘက်က ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒေသခံတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကတော့ ကိုစစ်ငြိမ်းနိုင်တို့ ၄ ဦးရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြပြီး လက်ရှိနေရာနဲ့ အခြေအနေကို အမြန်ဆုံး ရှင်းလင်းထုတ်ပြန်ပေးဖို့ လိုလားနေကြပါတယ်။
ကိုစစ်ငြိမ်းနိုင်ဦးဆောင်တဲ့ စစ်ကိုင်း PDF ဟာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA အဖွဲ့ဝင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
ဆိုရှယ်ဒီမိုကရက်ပါတီ အထွေထွေအတွင်းရေးမှူး ကိုကျော်ကိုကိုကတော့ အခုဖြစ်စဉ်ဟာ စစ်ကိုင်း PDF ကို NUG ရဲ့ စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုစနစ်အောက် ဝင်ရောက်စေဖို့ ဖိအားပေးမှုနဲ့ ဆက်စပ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ အဲဒီပြောဆိုချက်ကို အမှတ် (၁) စစ်ဒေသနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်က အတည်ပြုခြင်း မရှိသေးသလို ကိုစစ်ငြိမ်းနိုင်တို့ကို ဘာကြောင့် ခေါ်ဆောင်သွားတယ်ဆိုတဲ့ အကြောင်းပြချက်ကိုလည်း တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒေသတွင်းတော်လှန်ရေးအင်အားစုတချို့ကတော့ NUG ရဲ့ ကွပ်ကဲမှုစနစ်အောက် မဝင်ရောက်သေးတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေကို ခေါ်ယူစစ်ဆေးတာ၊ ထိန်းသိမ်းတာနဲ့ ဖိအားပေးတာတွေ ယခင်ကလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီနှစ်အတွင်း SRA အဖွဲ့ဝင် အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA ခေါင်းဆောင် ကိုဇီးကွက်နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် SRF ခေါင်းဆောင် ကိုစံတင်ထွန်းတို့လည်း NUG လက်အောက်ခံတပ်ဖွဲ့တွေရဲ့ ထိန်းသိမ်းမှုကို ခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ အခုဖြစ်စဉ်တွေနဲ့ပတ်သက်တဲ့ အကြောင်းရင်း၊ ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ ထိန်းသိမ်းခံရသူတွေရဲ့ အခြေအနေတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ထားခြင်း မရှိတာကြောင့် မြေပြင်တော်လှန်ရေးအဖွဲ့တွေအကြား ယုံကြည်မှုအပေါ် ထိခိုက်လာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကိုစစ်ငြိမ်းနိုင်နဲ့ ရဲဘော် ၃ ဦးရဲ့ လက်ရှိအခြေအနေ၊ နေရာနဲ့ ခေါ်ဆောင်ရတဲ့ အကြောင်းရင်းတို့ကို သိရှိနိုင်ဖို့ New Day Myanmar က သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ ဆက်လက်စုံစမ်းနေပါတယ်။


