၂၂ ဇွန် ၂၀၂၆ | New Day Myanmar
စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ စခန်းအချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ အမိန့်နဲ့ ဒီကနေ့ ဇွန်လ ၂၂ ရက်မှာ ဝင်ရောက်စီးနင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
PLA ရဲဘော်တစ်ဦးဖြစ်တဲ့ ဝေယံဖြိုးမိုးကတော့ စခန်းတွေ ဝင်ရောက်စီးနင်းခံနေရပေမယ့် PLA ဘက်က စတင်ပစ်ခတ်တာ ဒါမှမဟုတ် ကျည်စဖောက်တာမျိုး ပြုလုပ်မှာမဟုတ်ဘဲ အခြေအနေကို အေးချမ်းစွာ ထိန်းသိမ်းသွားမယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
“ကျွန်တော်တို့ PLA စခန်းတချို့ကို NUG ခရိုင်ကွပ်ကဲရေးအမိန့်နဲ့ ဝင်ရောက်စီးနင်းနေပါပြီ။ ကျွန်တော်တို့ဘက်က ကျည်စဖောက်မှာ မဟုတ်ပါဘူး။ ဖြစ်စဉ်အသေးစိတ်ကိုတော့ ဆက်လက်ထုတ်ပြန်သွားမှာပါ” လို့ သူက ရေးသားထားပါတယ်။
စခန်းဘယ်နှခု ဝင်ရောက်စီးနင်းခံနေရတယ်၊ ဘယ်မြို့နယ်တွေမှာ ဖြစ်ပွားနေတယ်နဲ့ ထိခိုက်မှု၊ ဖမ်းဆီးမှု ဒါမှမဟုတ် လက်နက်ဖြုတ်သိမ်းမှုတွေ ရှိ၊ မရှိဆိုတာကို လက်ရှိအချိန်အထိ အသေးစိတ်မသိရသေးပါဘူး။
စစ်ကိုင်းတိုင်းအတွင်း PDF၊ ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တခြားမဟာမိတ်လက်နက်ကိုင်အဖွဲ့တွေအကြား နယ်မြေစိုးမိုးရေး၊ စစ်ရေးကွပ်ကဲမှုနဲ့ အခွန်ကောက်ခံမှုဆိုင်ရာ အငြင်းပွားမှုတွေကြောင့် ယခင်ကလည်း စခန်းဝင်ရောက်စီးနင်းမှု၊ လက်နက်ဖြုတ်သိမ်းမှုနဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။
ယင်းမာပင်ခရိုင်နဲ့ ရွှေဘိုခရိုင်အတွင်းရှိ ဒေသခံကာကွယ်ရေးအဖွဲ့တချို့နဲ့ PLA တပ်ဖွဲ့ခွဲတချို့ကို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ဒေသကွပ်ကဲရေးအမိန့်နဲ့ လက်နက်ဖြုတ်သိမ်းဖို့ တောင်းဆိုတာ၊ စခန်းတွေကို ဝိုင်းဝန်းပိတ်ဆို့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အခွန်ကောက်ခံမှု၊ နယ်မြေကျော်လွန်လှုပ်ရှားမှုနဲ့ ကွပ်ကဲမှုအောက် မဝင်ရောက်မှုတွေကို အကြောင်းပြပြီး ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ဒေသတာဝန်ရှိသူတွေက လက်နက်ကိုင်အဖွဲ့တွေကို စစ်ဆေးမှုတွေ ပြုလုပ်လေ့ရှိပါတယ်။
လက်ရှိ PLA စခန်းတွေ ဝင်ရောက်စီးနင်းခံနေရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ PLA ဗဟိုဘက်က တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
New Day Myanmar အနေနဲ့ ဖြစ်စဉ်အသေးစိတ်ကို သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။


