Homeပြည်တွင်းသတင်းတောင်သာဖြစ်စဉ်မှာ ငွေညှစ်မှုမရှိဟု PLA ငြင်းဆို

တောင်သာဖြစ်စဉ်မှာ ငွေညှစ်မှုမရှိဟု PLA ငြင်းဆို

၂၃ ဇွန် ၂၀၂၆ | New Day Myanmar

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ဖမ်းဆီးထားသူတစ်ဦးရဲ့ မိသားစုထံက ငွေညှစ်တောင်းခံခဲ့တာမရှိဘူးလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ငြင်းဆိုလိုက်ပြီး NUG လက်အောက်ခံ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က PLA စခန်းတွေကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ PLA ဟာ သာမန်ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး ငွေကျပ် သိန်း ၂,၀၀၀ တောင်းခံခဲ့သလို ပြန်လွှတ်ပေးချိန်မှာလည်း ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ သတိလစ်နေတာကို တွေ့ခဲ့ရတယ်လို့ ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

PLA က ဇွန်လ ၂၃ ရက်မှာ ထုတ်ပြန်တဲ့ နောက်ဆက်တွဲရှင်းလင်းချက်မှာတော့ ဖမ်းဆီးခံခဲ့ရသူဟာ သာမန်ပြည်သူမဟုတ်ဘဲ စစ်အုပ်စုသတင်းပေးကွန်ရက်နဲ့ ဆက်စပ်နေသူဖြစ်တယ်လို့ ပြန်လည်စွပ်စွဲထားပါတယ်။

PLA ရဲ့ ပြောဆိုချက်အရ မေလ ၁၂ ရက်မှာ တောင်သာမြို့နယ်အတွင်း ရဲတပ်သား ချစ်ကိုဦးနဲ့ စစ်သင်တန်းတက်ထားတယ်လို့ ဆိုတဲ့ ဇနီးဖြစ်သူတို့ကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးချက်အရ ဒေသခံပြည်သူ့စစ်ဖွဲ့စည်းဖို့ လျှို့ဝှက်ရောက်ရှိနေသူဖြစ်ကြောင်း သိရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ဆေးထွက်ဆိုချက်ကို အခြေခံပြီး မေလ ၂၆ ရက်မှာ နောက်ထပ်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး သူဟာ PLA၊ PDF နဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စစ်အုပ်စုစခန်းထံ သတင်းပို့နေသူဖြစ်တယ်လို့ PLA က စွပ်စွဲထားပါတယ်။

ဒါပေမဲ့ NUG ဘက်ကတော့ အဲဒီအမျိုးသားဟာ ကားမောင်းသူ သာမန်ပြည်သူတစ်ဦးသာဖြစ်ပြီး စစ်အုပ်စုသတင်းပေးမဟုတ်ဘူးလို့ ထုတ်ပြန်ထားတာကြောင့် ဖမ်းဆီးခံရသူရဲ့ နောက်ခံအခြေအနေအပေါ် နှစ်ဖက်ပြောဆိုချက် ကွဲလွဲနေပါတယ်။

PLA က ဖမ်းဆီးထားသူရဲ့ ဇနီးဟာ ခင်ပွန်းဖြစ်သူကို လွှတ်ပေးရင် ငွေကျပ် သိန်း ၂၀၀ ပေးမယ်လို့ စတင်ကမ်းလှမ်းခဲ့ပြီး နောက်ပိုင်းမှာ သိန်း ၅၀၀ နဲ့ သိန်း ၁,၀၀၀ အထိ တိုးမြှင့်ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

PLA ဘက်က အဲဒီငွေကြေးကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပြီး မိသားစုထံက ငွေကြေးတစ်စုံတစ်ရာ လက်ခံခဲ့ခြင်းမရှိဘူးလို့ ထုတ်ပြန်ပါတယ်။

NUG ဘက်ကတော့ PLA က ဖမ်းဆီးခံရသူရဲ့ ဇနီးထံ ငွေကျပ် သိန်း ၂,၀၀၀ မပေးရင် ခင်ပွန်းဖြစ်သူကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

PLA ရဲ့ ထုတ်ပြန်ချက်အရ ရဲတပ်သား ချစ်ကိုဦးနဲ့ ဇနီးဖြစ်သူကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဇွန်လ ၁၈ ရက်မှာ လွှဲပြောင်းပေးခဲ့ပြီး နောက်ထပ်ဖမ်းဆီးထားသူကိုလည်း လွှဲပြောင်းပေးဖို့ စီစဉ်နေစဉ် တောင်သာ ပကဖဘက်က ၃၆ နာရီအတွင်း လွှဲပေးဖို့ ဖိအားပေးစာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၁ ရက် မွန်းလွဲပိုင်းကစပြီး NUG လက်အောက်ခံ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က အင်အား ၅၀၀ ခန့်နဲ့ PLA စခန်းတွေကို ဝိုင်းဝန်းပိတ်ဆို့ခဲ့သလို တာဝန်နဲ့သွားလာနေတဲ့ PLA ထောက်ပို့ရဲဘော်နှစ်ဦးကို ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တယ်လို့လည်း PLA က စွပ်စွဲပါတယ်။

ဇွန်လ ၂၂ ရက်မှာ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ဖမ်းဆီးထားသူကို လွှဲပြောင်းပေးဖို့နဲ့ PLA အနေနဲ့ မြင်းခြံခရိုင်အတွင်းက ထွက်ခွာဖို့ ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။

PLA ကတော့ အဲဒီနေ့ နေ့လယ်ပိုင်းမှာ ဖမ်းဆီးထားသူကို နောက်နောင် သတင်းပေးမလုပ်ဖို့ ပြင်းပြင်းထန်ထန်သတိပေးပြီး မိသားစုထံ ပြန်လည်စေလွှတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီနောက် နေ့လယ် ၁ နာရီဝန်းကျင်မှာ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ကျေးရွာနှစ်ရွာရှိ PLA စခန်းတွေကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာကြောင့် တော်လှန်ရေးအဖွဲ့ချင်း ထိတွေ့တိုက်ပွဲမဖြစ်စေဖို့ PLA ရဲဘော်တွေ စခန်းကနေ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

PLA ကို ကူညီပေးနေတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကိုလည်း ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပြီး PLA ရဲဘော်တစ်ဦးရဲ့ အစ်မဖြစ်သူကို သေနတ်နဲ့ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ PLA က ထပ်မံစွပ်စွဲထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ PLA စခန်းတွေကို ဝင်ရောက်ချိန် ရဲဘော်တွေနေထိုင်တဲ့ အဆောင်တွေမှာ ရည်ရွယ်ချက်ရှိရှိ ထောင်ထားခဲ့တဲ့ မိုင်းတွေ ပေါက်ကွဲတာကြောင့် PDF ရဲဘော် ၄ ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အစောပိုင်းက ထုတ်ပြန်ထားပါတယ်။

PLA ရဲ့ နောက်ဆက်တွဲထုတ်ပြန်ချက်မှာတော့ စခန်းတွေအတွင်း မိုင်းထောင်ခဲ့တယ်ဆိုတဲ့ NUG ဘက်က စွပ်စွဲချက်နဲ့ PDF ရဲဘော် ၄ ဦး ကျဆုံးခဲ့မှုအပေါ် ရှင်းလင်းတုံ့ပြန်ထားခြင်း မရှိပါဘူး။

PLA က NUG ရဲ့ ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေကြောင်း ပြောဆိုထားပေမယ့် စခန်းတွေကို အင်အားသုံးဝင်ရောက်စီးနင်းတာနဲ့ နယ်မြေက ထွက်ခွာဖို့ ဖိအားပေးတာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

နှစ်ဖက်ရဲ့ ဖမ်းဆီးမှု၊ ငွေကြေးတောင်းခံမှု၊ ရိုက်နှက်မှု၊ မိုင်းထောင်ထားမှုနဲ့ စခန်းစီးနင်းမှုဆိုင်ရာ စွပ်စွဲချက်တွေကို New Day Myanmar အနေနဲ့ သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဆက်စပ် သတင်းများ

Most Read