၂၃ ဇွန် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှုတွေ ငါးနှစ်ကြာ ဖြစ်ပွားလာပြီးနောက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လျော့ကျလာတာကြောင့် လူသန်းပေါင်းများစွာရဲ့ ဒုက္ခဆင်းရဲမှု ပိုမိုဆိုးရွားလာနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) က သတိပေးလိုက်ပါတယ်။
တစ်ဖက်မှာ နိုင်ငံတကာအကူအညီတွေ လျော့ကျနေချိန် နိုင်ငံခြားနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက မြန်မာစစ်အုပ်စုထံ လက်နက်၊ အပိုပစ္စည်း၊ ကျည်ဆန်၊ ခဲယမ်းမီးကျောက်၊ လေယာဉ်ဆီနဲ့ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးစလုံး အသုံးပြုနိုင်တဲ့ပစ္စည်းတွေကို ဆက်လက်လွှဲပြောင်းပေးနေတယ်လို့ OHCHR ရဲ့ ဇွန်လ ၂၂ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီလိုလွှဲပြောင်းပေးမှုတွေဟာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ ချိုးဖောက်မှုတွေကို အားပေးကူညီရာရောက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားအကူအညီတွေ လျှော့ချတာနဲ့ ရပ်ဆိုင်းတာတွေကြောင့် အရပ်သားတွေကို စစ်အုပ်စုက ဆက်တိုက်ပစ်မှတ်ထားနေတဲ့ကြားက လူ့အသက်တွေကို ကယ်တင်ပေးနေတဲ့ ဒေသခံဦးဆောင် အရပ်သားကာကွယ်ရေးလုပ်ငန်းတွေပါ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ အစီရင်ခံစာက သတိပေးပါတယ်။
“အရပ်သားကာကွယ်ရေးလုပ်ငန်းတွေကို အားကောင်းစေဖို့ ကြိုတင်ခန့်မှန်းနိုင်ပြီး ပုံမှန်ရရှိမယ့် ရန်ပုံငွေဟာ မရှိမဖြစ်လိုအပ်ပါတယ်” လို့ OHCHR က ဆိုပါတယ်။
အစီရင်ခံစာဟာ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မဲပေးကာလ ပြီးဆုံးချိန်အထိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို လွှမ်းခြုံထားပါတယ်။
အဲဒီကာလအတွင်း ပဋိပက္ခနဲ့ဆက်နွှယ်တဲ့ အကြမ်းဖက်မှု၊ တရားဥပဒေစိုးမိုးမှု ပျက်စီးခြင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးခွင့်ပိတ်ပင်ခြင်းနဲ့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲရဲ့ သက်ရောက်မှုတွေကြားမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ အစီရင်ခံကာလအတွင်း အရပ်သား အနည်းဆုံး ၇၀၂ ဦး သေဆုံးခဲ့ပြီး အများစုဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ရခိုင်ပြည်နယ်က ဖြစ်ပါတယ်။
သေဆုံးသူတွေအနက် ၄၇၆ ဦးဟာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ မဲပေးမှုမစတင်မီ သေဆုံးသူ ၁၁၁ ဦးလည်း ပါဝင်ပါတယ်။
“မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့လက်အောက်မှာ လုံလောက်တာထက်ပိုတဲ့ ဒုက္ခတွေကို ခံစားခဲ့ကြရပြီးဖြစ်ပေမယ့် အခုအခါ နိုင်ငံပြင်ပကလူတွေကပါ သူတို့ကို မေ့လျော့ထားသကဲ့သို့ ဖြစ်နေပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က ပြောပါတယ်။
ဒေသခံတွေ ဦးဆောင်တဲ့ ကာကွယ်ရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေဟာ စစ်အုပ်စုရဲ့ ဆက်တိုက်ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြားမှာ လူထုအတွက် တစ်ခုတည်းသော အားထားရာဖြစ်ခဲ့ပေမယ့် အခုလို အကူအညီတွေ ပြန်လည်ရုပ်သိမ်းလိုက်တာဟာ ရရှိထားပြီးသား ဒဏ်ရာပေါ် ထပ်မံနာကျင်စေသလို ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
ဒေသခံကာကွယ်ရေးယန္တရားတွေမှာ ကန့်သတ်ချက်တွေ ရှိနေသေးပေမယ့် လူထုရဲ့ယုံကြည်မှု၊ တရားဝင်လက်ခံမှုနဲ့ စုပေါင်းလုပ်ဆောင်မှုတွေအပေါ် အခြေခံပြီး အရပ်သားတွေကို ကာကွယ်ပေးနိုင်ကြောင်း သက်သေပြထားတယ်လို့ OHCHR က အလေးပေးဖော်ပြပါတယ်။
ဗော်လ်ကာ တာ့ခ်က မြန်မာနိုင်ငံအတွင်း တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ အစားအစာ၊ သန့်ရှင်းတဲ့သောက်ရေ၊ ဆေးဝါးနဲ့ အခြေခံဝန်ဆောင်မှုတွေ အရေးပေါ်လိုအပ်နေတဲ့ အရပ်သားအားလုံးဆီ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အတားအဆီးမရှိ ရောက်ရှိနိုင်အောင် ခွင့်ပြုပေးဖို့ တောင်းဆိုထားပါတယ်။


