၂၃ ဇွန် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတစ်ခုမှာ လျှပ်စစ်ဓာတ်အားယူနစ် ၃ သိန်းကျော် တရားမဝင်ရယူသုံးစွဲထားတာကို စစ်ဆေးတွေ့ရှိခဲ့ပြီး လုပ်ငန်းရှင်ကို လျှပ်စစ်ဥပဒေအရ အမှုဖွင့်ထားတယ်လို့ စစ်အုပ်စုရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဇွန်လ ၁၆ ရက်မှာ တရားမဝင်ဓာတ်အားသုံးစွဲမှုနဲ့ လျှပ်စစ်ယူနစ်ပျောက်ဆုံးမှု လျှော့ချရေးအတွက် ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ မြို့နယ်တွေမှာ စီမံချက်အဖွဲ့ ၂၄ ဖွဲ့နဲ့ ရှောင်တခင်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
စစ်ဆေးမှုအတွင်း ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းမှာ အသုံးပြုထားတဲ့ မီတာရဲ့ Cover Seal နဲ့ Terminal Seal တွေကို ပြုပြင်ထားပြီး မီတာအတွင်း Control Circuit တပ်ဆင်ကာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားတာကို တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလို တရားမဝင်သုံးစွဲမှုကြောင့် လျှပ်စစ်ဓာတ်အားယူနစ် ၃ သိန်းကျော် နစ်နာဆုံးရှုံးခဲ့ရတယ်လို့ စစ်အုပ်စုဝန်ကြီးဌာနက ဆိုပါတယ်။
နစ်နာဆုံးရှုံးခဲ့တဲ့ ဓာတ်အားခလျော်ကြေးနဲ့ ဒဏ်ကြေး စုစုပေါင်း ကျပ်သိန်း ၁,၅၀၀ ကျော်ကို ဇွန်လ ၁၉ ရက်မှာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံ ပေးဆောင်စေခဲ့ပြီး အသုံးပြုထားတဲ့ မီတာကိုလည်း ချက်ချင်းဖြုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
လျှပ်စစ်ဓာတ်အားကို မသမာတဲ့နည်းလမ်းနဲ့ ရယူသုံးစွဲခဲ့တယ်ဆိုတဲ့ လုပ်ငန်းရှင်ကို လျှပ်စစ်ဥပဒေအရ အရေးယူနိုင်ဖို့ မှော်ဘီမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်းအပြင် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို Control Center ကနေ စောင့်ကြည့်ပြီး သံသယဖြစ်ဖွယ်တွေ့ရှိရင် မြေပြင်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ စစ်အုပ်စုဝန်ကြီးဌာနက ဆိုပါတယ်။


