Homeပြည်တွင်းသတင်းစစ်အုပ်စုနဲ့ စီးပွားရေးသဘောတူညီချက် ချုပ်ဆိုသူတွေ အနာဂတ်မှာ အန္တရာယ်ကြုံနိုင်ကြောင်း NUG သတိပေး

စစ်အုပ်စုနဲ့ စီးပွားရေးသဘောတူညီချက် ချုပ်ဆိုသူတွေ အနာဂတ်မှာ အန္တရာယ်ကြုံနိုင်ကြောင်း NUG သတိပေး

၁၉ ဇွန် ၂၀၂၆ | New Day Myanmar

အကြမ်းဖက်စစ်အုပ်စုနဲ့ မိတ်ဖက်သဘော ဆက်ဆံတာ၊ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ပြုလုပ်တာနဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေ ချုပ်ဆိုတာတွေဟာ ဥပဒေကြောင်း၊ ဘဏ္ဍာရေးနဲ့ လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ အန္တရာယ်တွေ ဖြစ်ပေါ်စေနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတိပေးလိုက်ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်မှာ နိုင်ငံတကာအစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို စစ်အုပ်စုနဲ့ ဆက်ဆံရာမှာ သတိထားကြဖို့ တိုက်တွန်းထားပါတယ်။

လက်ရှိစစ်အုပ်စုနဲ့ ချုပ်ဆိုနေတဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တွေဟာ မြန်မာပြည်သူတွေရဲ့ ကိုယ်စားပြုမှု မရှိသလို လွတ်လပ်တဲ့ လွှတ်တော်၊ တရားစီရင်ရေးနဲ့ စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့တွေရဲ့ ကြီးကြပ်မှုလည်း မရှိဘူးလို့ NUG က ဆိုပါတယ်။

ဒါကြောင့် အဲဒီသဘောတူညီချက်တွေဟာ ရေရှည်မှာ တရားဝင်မှုဆိုင်ရာ အငြင်းပွားမှုတွေ၊ ပိုင်ဆိုင်မှုဆုံးရှုံးနိုင်ခြေတွေ၊ စာချုပ်အကောင်အထည်ဖော်လို့ မရနိုင်တာတွေနဲ့ နိုင်ငံတကာအရေးယူပိတ်ဆို့မှုဆိုင်ရာ အန္တရာယ်တွေ ကြုံတွေ့လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ပြည်သူ့ဆန္ဒမပါဘဲ စစ်အုပ်စုနဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေကို အနာဂတ်ဒီမိုကရေစီအစိုးရက ပြန်လည်သုံးသပ်နိုင်ပြီး လိုအပ်ပါက အသိအမှတ်မပြုတာ၊ ပြင်ဆင်တာ ဒါမှမဟုတ် ဖျက်သိမ်းတာတွေ ပြုလုပ်နိုင်ခြေလည်း ရှိတယ်လို့ NUG ရဲ့ သတိပေးချက်က အဓိပ္ပာယ်သက်ရောက်နေပါတယ်။

ဒါ့အပြင် စစ်အုပ်စုနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကနေ ရရှိတဲ့ ငွေကြေးနဲ့ အရင်းအမြစ်တွေကို စစ်ရေးအသုံးစရိတ်၊ လက်နက်ဝယ်ယူမှုနဲ့ ပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေမှာ အသုံးပြုနိုင်တာကြောင့် ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိမှုကို ထည့်သွင်းစဉ်းစားဖို့လည်း လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။

NUG ကတော့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာမိတ်ဖက်တွေနဲ့ အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနဲ့ ပြည်သူ့အကျိုးစီးပွားကို အခြေခံတဲ့ ဆက်ဆံရေး တည်ဆောက်လိုတယ်လို့ ပြောပါတယ်။

နယ်စပ်တည်ငြိမ်ရေး၊ လူသားချင်းစာနာမှုအကူအညီ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလိမ်လည်မှုအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက်မှုတွေကို ကြိုဆိုတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အဲဒီပူးပေါင်းဆောင်ရွက်မှုတွေဟာ စစ်အုပ်စုကို တရားဝင်မှု ပေးအပ်တာမျိုးမဟုတ်ဘဲ မြန်မာပြည်သူတွေရဲ့ ဆန္ဒ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ဒေသတွင်းရေရှည်ငြိမ်းချမ်းရေးကို အထောက်အကူပြုတဲ့ ဆက်ဆံရေးမျိုး ဖြစ်ရမယ်လို့ NUG က အလေးပေးထားပါတယ်။

နိုင်ငံတကာအစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ လက်ရှိအကျိုးအမြတ်တစ်ခုတည်းကို မကြည့်ဘဲ မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးအပြောင်းအလဲ၊ ဥပဒေရေးရာတာဝန်ရှိမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကျိုးဆက်တွေကိုပါ ထည့်သွင်းစဉ်းစားကြဖို့ NUG က သတိပေးထားပါတယ်။

ပုံစာ – စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာလိုက်ပါသွားကြတဲ့ စီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်အုပ်စုတာဝန်ရှိသူများ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး