Homeအထူးသတင်းအမေရိကန်–အီရန် ဂျနီဗာဆွေးနွေးပွဲ ဖျက်သိမ်း

အမေရိကန်–အီရန် ဂျနီဗာဆွေးနွေးပွဲ ဖျက်သိမ်း

၁၉ ဇွန် ၂၀၂၆ | New Day Myanmar

အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ အီရန်ကိုယ်စားလှယ်တွေအကြား ဆွစ်ဇာလန်နိုင်ငံမှာ ဇွန်လ ၁၉ ရက် ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်တယ်လို့ ဆွစ်ဇာလန်အစိုးရက အတည်ပြုပါတယ်။

အမေရိကန်ဒုတိယသမ္မတ JD Vance ကလည်း ဆွေးနွေးပွဲတက်ရောက်ဖို့ ဂျနီဗာကို သွားရောက်မယ့်ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာကြောင့် နှစ်နိုင်ငံကြား ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိနိုင်မလားဆိုတာ မရေမရာဖြစ်လာပါတယ်။

ဆွေးနွေးပွဲကို ဆွစ်ဇာလန်နိုင်ငံ ဘာဂန်စတော့ခ်တောင်ပေါ်အပန်းဖြေစခန်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပေမယ့် ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာနက အစီအစဉ်ကို ဖျက်သိမ်းကြောင်းသာ အတည်ပြုပြီး အကြောင်းရင်းအသေးစိတ်ကို မဖော်ပြခဲ့ပါဘူး။

အိမ်ဖြူတော်ကတော့ အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးပွဲစီစဉ်ရတာဟာ အစကတည်းက ရိုးရှင်းလွယ်ကူတာ မဟုတ်ဘဲ အစီအစဉ်အပြောင်းအလဲတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။

အီရန်ဘက်ကလည်း ကြားဖြတ်သဘောတူညီချက်ပါ အချက်တွေကို အမေရိကန်က စတင်အကောင်အထည်ဖော်နေတဲ့ လက္ခဏာတွေကို အရင်တွေ့မြင်လိုကြောင်း ပြောထားပြီး အီရန်ကိုယ်စားလှယ်အဖွဲ့ ဂျနီဗာကို သွားရောက်မယ်ဆိုတာကို တရားဝင်အတည်မပြုခဲ့ပါဘူး။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်တို့ လက်မှတ်ရေးထိုးထားတဲ့ အချက် ၁၄ ချက်ပါ ကြားဖြတ်သဘောတူညီချက်အရ လက်ရှိအပစ်အခတ်ရပ်စဲရေးကို အနည်းဆုံး ရက်ပေါင်း ၆၀ ဆက်လက်ထိန်းသိမ်းပြီး အပြီးသတ်သဘောတူညီချက်ရရှိရေး ဆွေးနွေးရမှာ ဖြစ်ပါတယ်။

အီရန်ရဲ့ နျူကလီးယားအစီအစဉ်၊ တာဝေးပစ်ဒုံးကျည်စွမ်းရည်၊ စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့ရေးနဲ့ အီရန်ပြန်လည်ထူထောင်ရေးရန်ပုံငွေတို့ဟာ နောက်ထပ်ဆွေးနွေးရမယ့် အဓိကအချက်တွေ ဖြစ်ပါတယ်။

အီရန်အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ မိုဂျ်တာဘာ ခါမေနီကတော့ အမေရိကန်ဘက်က လွန်ကဲတဲ့ တောင်းဆိုမှုတွေ ပြုလုပ်လာမယ်ဆိုရင် လက်ခံမှာမဟုတ်ဘူးလို့ ပြောထားတာကြောင့် နျူကလီးယားဆွေးနွေးပွဲတွေ လွယ်ကူမှာမဟုတ်ကြောင်း အချက်ပြထားပါတယ်။

တစ်ချိန်တည်းမှာပဲ အစ္စရေးက လက်ဘနွန်နိုင်ငံအတွင်းရှိ အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်နေတာကြောင့် ဒေသတွင်းအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တည်မြဲနိုင်မလားဆိုတဲ့ မေးခွန်းတွေ ပိုမိုထွက်ပေါ်လာပါတယ်။

ဇွန်လ ၁၉ ရက် လက်ဘနွန်အတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ လက်ဘနွန်အစိုးရပိုင်သတင်းဌာနက ဖော်ပြထားပြီး အစ္စရေးကတော့ ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

Vance ကလည်း လက်ဘနွန်တိုက်ခိုက်မှုတွေဟာ အမေရိကန်–အီရန် ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ထိခိုက်စေနိုင်ကြောင်း အစ္စရေးဘက်ကို သတိပေးထားပါတယ်။

ကြားဖြတ်သဘောတူညီချက်ထဲမှာ လက်ဘနွန်စစ်မျက်နှာအပါအဝင် ဒေသတွင်းတိုက်ပွဲတွေကို အပြီးတိုင်ရပ်တန့်ရေး ထည့်သွင်းထားပေမယ့် အစ္စရေးက လက်ဘနွန်ကနေ ဆုတ်ခွာဖို့ အစီအစဉ်မရှိကြောင်း ပြောထားပါတယ်။

ဂျနီဗာဆွေးနွေးပွဲ ဖျက်သိမ်းလိုက်တာဟာ ကြားဖြတ်သဘောတူညီချက် ပျက်ပြားသွားပြီဆိုတဲ့ အဓိပ္ပာယ်မဟုတ်သေးပေမယ့် ရက်ပေါင်း ၆၀ အတွင်း အပြီးသတ်သဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ်မှာ ပထမဆုံး အရေးကြီးတဲ့ အတားအဆီးတစ်ခု ဖြစ်လာပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး