Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာသံရုံးတွေ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာသံရုံးတွေ တောင်းဆို

၁၉ ဇွန် ၂၀၂၆ | New Day Myanmar

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာ သူမနဲ့ စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးတွေနဲ့ သံတမန်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ရှိ ကနေဒါသံရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ လိုအပ်တဲ့ ဆေးဝါးကုသမှုရရှိစေဖို့နဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ သူမရဲ့ မွေးနေ့မှာ ထပ်မံတောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းအဆုံးသတ်ဖို့လည်း ကနေဒါသံရုံးက တိုက်တွန်းထားပါတယ်။

ဩစတြေးလျသံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မိသားစုဝင်တွေ၊ ဥပဒေအကြံပေးအဖွဲ့နဲ့ တွေ့ဆုံခွင့်ရရှိသင့်သလို လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း ရရှိသင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဩစတြေးလျအနေနဲ့ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးနဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်အတိုင်း သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရေးကို တောင်းဆိုထားပါတယ်။

ဆွစ်ဇာလန်သံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ပါတယ်။

ပြင်သစ်၊ ဂျာမနီနဲ့ ဥရောပသမဂ္ဂတို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် “၈၁” ဂဏန်းပုံစံ ဖန်တီးထားတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာ မျှဝေပြီး မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။

အဲဒီ “၈၁” ဂဏန်းပုံစံအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားပြုတဲ့ နှင်းဆီပန်းပုံကို ထည့်သွင်းအသုံးပြုထားတာ တွေ့ရပါတယ်။

ဗြိတိန်သံရုံးကလည်း လူမှုကွန်ရက်စာမျက်နှာရဲ့ ပရိုဖိုင်ဓာတ်ပုံကို အဝါရောင်နှင်းဆီပန်းပုံနဲ့ ပြောင်းလဲပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။

နှင်းဆီပန်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်နဲ့ သူမအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးတောင်းဆိုရာမှာ နှစ်ပေါင်းများစွာ အသုံးပြုလာတဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ လွတ်လပ်တဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေကို ပုံမှန်တွေ့ဆုံခွင့် မရရှိသေးပါဘူး။

သူမရဲ့ လက်ရှိနေရာ၊ ကျန်းမာရေးနဲ့ အသက်ရှင်ဘေးကင်းစွာရှိနေမှုကို လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုက ယုံကြည်စိတ်ချရစွာ အတည်ပြုနိုင်ခြင်း မရှိသေးတာကြောင့် “Proof of Life” တောင်းဆိုမှုတွေလည်း နိုင်ငံတကာမှာ ကျယ်ပြန့်လာနေပါတယ်။

နိုင်ငံတကာသံရုံးတွေရဲ့ မွေးနေ့ဆုတောင်းမှုနဲ့ လွတ်မြောက်ရေးတောင်းဆိုမှုတွေအပေါ် လူမှုကွန်ရက်အသုံးပြုသူတွေက ကျေးဇူးတင်ကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့ ဆက်လက်ရပ်တည်ပေးဖို့ တုံ့ပြန်ရေးသားထားကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး