Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွင် ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် ဖိတ်ခေါ်

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွင် ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် ဖိတ်ခေါ်

၂၉ မေ ၂၀၂၆ | New Day Myanmar

လာမယ့် ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာတစ်ဝန်းရှိ ပြည်သူတွေအနေနဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

မေ ၂၈ ရက် ညပိုင်းက ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမိန့်ခွန်းထဲမှာ ကိုထိန်လင်းက ၎င်းရဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာနဲ့ သက်ရှိထင်ရှားရှိနေဆဲဖြစ်ကြောင်း လွတ်လပ်စွာ အတည်ပြုနိုင်ရေးအတွက် “Proof of Life” လှုပ်ရှားမှုမှာ ဝိုင်းဝန်းပါဝင်ပေးကြဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လှုပ်ရှားမှုကို ဇွန်လ ၁ ရက်မှ ၁၉ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ကို ကိုယ်စားပြုတဲ့အနေနဲ့ ခြေလှမ်းပေါင်း ၈၁,၀၀၀ လျှောက်လှမ်းတာ၊ ၈၁ ကီလိုမီတာ အပြေးပြိုင်တာ၊ ၈၁ မိုင် စက်ဘီးစီးတာနဲ့ မိမိတို့အတွက် အဓိပ္ပာယ်ရှိတဲ့ အခြား ၈၁ သင်္ကေတဆိုင်ရာ လှုပ်ရှားမှုတွေ ပြုလုပ်နိုင်တယ်လို့ ဆိုထားပါတယ်။

“အာဏာသိမ်းပြီး ၅ နှစ်ကျော်ကြာတဲ့အထိ မေမေ သက်ရှိထင်ရှားရှိနေသေးရဲ့လားဆိုတဲ့ လွတ်လပ်တဲ့ အတည်ပြုချက်ကို တစ်ကမ္ဘာလုံးက မရသေးပါဘူး” လို့ ကိုထိန်လင်းက ဗီဒီယိုမိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

စစ်အုပ်စုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ နေအိမ်တစ်ခုကို ရွှေ့ပြောင်းထားတယ်လို့ ဧပြီ ၃၀ ရက်က ထုတ်ပြန်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို တရားဝင် ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။

ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံဟာလည်း ဘယ်အချိန်၊ ဘယ်နေရာမှာ ရိုက်ကူးထားတာလဲဆိုတာ အတည်မပြုနိုင်သေးတာကြောင့် ပြည်သူတွေကြား “Proof of Life” လှုပ်ရှားမှုကို ဧပြီလကတည်းက စတင်တောင်းဆိုမှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့မှာလည်း ပြည်တွင်း၊ ပြည်ပ မြန်မာအသိုင်းအဝိုင်းတွေက အလားတူ လူထုလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြပါတယ်။

အခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေကို ပိုမိုသိရှိနိုင်ရေးနဲ့ သက်ရှိထင်ရှားရှိကြောင်း လွတ်လပ်စွာ အတည်ပြုနိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်အဖြစ် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး