၂၉ မေ ၂၀၂၆ | New Day Myanmar
နာမည်ကျော် “သီးလေးသီး” လူရွှင်တော်အဖွဲ့ဝင်တစ်ဦးဖြစ်သူ လူရွှင်တော် ပန်းသီး (ခ) ဦးမျိုးဇော်ဟာ ဒီကနေ့ မေလ ၂၉ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တယ်လို့ အနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။
လူရွှင်တော်/သရုပ်ဆောင် ငှက်ပျောကြော်ကလည်း ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပန်းသီး ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း ရေးသားမျှဝေထားပါတယ်။
“လူရွှင်တော် ပန်းသီး (မျိုးဇော်) ကောင်းရာသုဂတိလားပါစေကွာ။ စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်” လို့ ငှက်ပျောကြော်က ရေးသားထားပါတယ်။
လူရွှင်တော် ပန်းသီး ပါဝင်ခဲ့တဲ့ “သီးလေးသီး” အဖွဲ့ဟာ လူရွှင်တော် ဇာဂနာရဲ့ လမ်းညွှန်မှုနဲ့ ပေါ်ပေါက်လာခဲ့တဲ့ အဖွဲ့ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို သရော်ဝေဖန်တဲ့ ပျက်လုံးတွေနဲ့ လူထုကြား ထင်ရှားကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ပန်းသီးဟာ စစ်အာဏာသိမ်းမှုအပေါ် ထောက်ခံတဲ့ ရပ်တည်ချက်တွေ ထုတ်ဖော်ပြောဆိုခဲ့သလို တော်လှန်ရေးဘက် ရပ်တည်သွားတဲ့ အဖွဲ့ဝင်အချို့ကိုလည်း ဝေဖန်ပြောဆိုခဲ့တာကြောင့် အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီနောက် ပန်းသီးဟာ ပရိသတ်အချို့ရဲ့ လူမှုရေးဖယ်ကျဉ်မှုနဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပြီး အနုပညာလှုပ်ရှားမှုတွေလည်း လျော့နည်းသွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ ကွယ်လွန်ရတဲ့ အကြောင်းရင်းနဲ့ အသေးစိတ်အချက်အလက်တွေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။


