၃၁ မေ ၂၀၂၆ | New Day Myanmar
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဟာ TNLA ရဲ့ စီးပွားရေးဌာနပိုင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းသုံး ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က မေ ၃၁ ရက် ညနေပိုင်းမှာ ထုတ်ပြန် ဝန်ခံလိုက်ပါတယ်။
TNLA ရဲ့ ထုတ်ပြန်ချက်အရ မေ ၃၁ ရက် နေ့လယ် ၁၂ နာရီခန့်မှာ တအာင်းပြည် နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာရှိ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတွေ အသက်ဆုံးရှုံးရတာ၊ ထိခိုက်ဒဏ်ရာရရှိတာနဲ့ နေအိမ်ပျက်စီးဆုံးရှုံးတာတွေ ဖြစ်ပွားခဲ့တဲ့အတွက် ထိခိုက်ခံစားခဲ့ရသူတွေနဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို များစွာဝမ်းနည်းရပြီး ထပ်တူထပ်မျှ စာနာမိတယ်လို့ TNLA က ဆိုပါတယ်။
လက်ရှိမှာ ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို အသေးစိတ် စုံစမ်းစစ်ဆေးနေပြီး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံး ဆောင်ရွက်နေပြီဖြစ်တယ်လို့ TNLA က ပြောပါတယ်။
မြေပြင်သတင်းအချက်အလက်တွေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ရဲ့ ထုတ်ပြန်ချက်အရ ကောင်းတပ်ကျေးရွာ ဘောလုံးကွင်းနဲ့ ဘုန်းတော်ကြီးကျောင်းအနီးရှိ ယမ်းသိုလှောင်ရုံ အဆောက်အအုံ ပြင်းထန်စွာ ပေါက်ကွဲခဲ့ရာ ဒေသခံပြည်သူ ၂၀ ဦးဝန်းကျင် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်မှာ TNK တံဆိပ်ပါ ယမ်းထုတ်တွေကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားပြီး၊ ပေါက်ကွဲမှုကြောင့် ကလေးငယ်အချို့ အပါအဝင် ဒေသခံပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် နမ့်ခမ်းမြို့ဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း သိရပါတယ်။
ပေါက်ကွဲမှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဆက်လက် စိစစ်ထုတ်ပြန်သွားဖွယ်ရှိပါတယ်။


