Homeပြည်တွင်းသတင်းလုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်

၁၉ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့မှာ စစ်အုပ်စုက လုံခြုံရေးတင်းကြပ်ပြီး စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ကြားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် “နှင်းဆီလှုပ်ရှားမှု” ကို ဒီကနေ့ ဇွန်လ ၁၉ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။

Yangon 4 Brothers ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က ရန်ကုန်မြို့ရှိ ကားမှတ်တိုင်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခဲပန်းချီပုံနဲ့ နှင်းဆီပန်းတွေကို အသုံးပြုပြီး လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

လှုပ်ရှားမှုမှာ နှင်းဆီပန်းပန်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံပေါ်မှာ မွေးနေ့ဆုတောင်းစာတွေနဲ့အတူ သူမ အသက်ရှင်လျက် ကျန်းမာစွာရှိနေကြောင်း သက်သေပြဖို့ “Proof of Life” တောင်းဆိုချက်ကို ရေးသားထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူ ကင်အဲရစ်နဲ့ ဆက်သွယ်ခွင့်ပေးဖို့လည်း ပြည်သူလူထုကိုယ်စား တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ နှင်းဆီပန်းပန်တာ၊ နှင်းဆီပန်းတွေ ကိုင်ဆောင်ပြသတာနဲ့ မွေးနေ့ဆုတောင်းစာတွေ မျှဝေတာတွေ ပြုလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

စစ်အုပ်စုက လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူနိုင်တာကြောင့် ပါဝင်သူတွေအနေနဲ့ လုံခြုံရေးကို အထူးဂရုစိုက်ကြဖို့လည်း သတိပေးထားပါတယ်။

General Strike Coordination Body (GSCB) ကလည်း စစ်အုပ်စုရဲ့ စောင့်ကြည့်မှုတွေကြားက ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုတွေ ပြန်လည်ပေါ်ပေါက်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။

“နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေနဲ့ လမ်းတွေကတစ်ဆင့် သယ်ဆောင်ရင်း ရန်သူ့အခြေစိုက်နယ်မြေမှာပဲ ရန်သူကြောက်တဲ့ နှင်းဆီပန်းကို မြင်တွေ့နိုင်အောင် ကြိုးစားခဲ့ကြပါတယ်” လို့ GSCB က ဆိုပါတယ်။

ဒီကနေ့မှာ ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးမှာ နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလို ပြည်ပရောက် မြန်မာနိုင်ငံသားတွေလည်း ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သူမရဲ့ လက်ရှိနေရာ၊ ကျန်းမာရေးနဲ့ ဘေးကင်းကောင်းမွန်မှုအခြေအနေကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း သက်သေပြရေးနဲ့ သူမအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး တောင်းဆိုမှုတွေ ပြည်တွင်း၊ ပြည်ပမှာ ပိုမိုကျယ်ပြန့်လာနေပါတယ်။

ပုံစာ — ရန်ကုန်မြို့တစ်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်နေစဉ်။

ဓာတ်ပုံ — Yangon 4 Brothers

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး