Homeပြည်တွင်းသတင်းကမာရွတ်မြို့နယ်က နေအိမ်တစ်လုံးမှာ အွန်လိုင်းလိမ်လည်မှုလုပ်နေသူ ၁၆ ဦးကို ဖမ်းဆီး

ကမာရွတ်မြို့နယ်က နေအိမ်တစ်လုံးမှာ အွန်လိုင်းလိမ်လည်မှုလုပ်နေသူ ၁၆ ဦးကို ဖမ်းဆီး

၁၉ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် ၁၀ ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံသား ၁၆ ဦးကို လုပ်ငန်းသုံးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၈ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖြစ်စဉ်ဟာ ဇွန်လ ၁၆ ရက်က ဗဟန်းမြို့နယ်ရှိ စားသောက်ဆိုင်တစ်ခုရှေ့မှာ ရပ်ထားတဲ့ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးကို စစ်ဆေးရာက စတင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီယာဉ်အတွင်းကနေ Laptop ကွန်ပျူတာတွေ၊ Starlink ဆက်သွယ်ရေးစက်တွေနဲ့ လက်ကိုင်ဖုန်း ၁၇၅ လုံးအပါအဝင် အွန်လိုင်းလိမ်လည်မှုမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ပစ္စည်းတွေကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်အုပ်စုဘက်က ပြောပါတယ်။

အဲဒီနောက် ယာဉ်နဲ့ ဆက်စပ်သူတွေကို အနီးဝန်းကျင် CCTV မှတ်တမ်းတွေကနေတစ်ဆင့် ခြေရာခံစုံစမ်းခဲ့ပြီး ဇွန်လ ၁၇ ရက် ညပိုင်းမှာ ကမာရွတ်မြို့နယ်၊ အမှတ် ၁၀ ရပ်ကွက်ရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

နေအိမ်အတွင်းကနေ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေတယ်ဆိုတဲ့ အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း ၁၆ ဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဘယ်လိုအွန်လိုင်းလိမ်လည်မှုအမျိုးအစား လုပ်ကိုင်နေကြတယ်၊ ဘယ်သူတွေကို ပစ်မှတ်ထားခဲ့တယ်နဲ့ ငွေကြေးဘယ်လောက် လိမ်လည်ရယူခဲ့တယ်ဆိုတာကိုတော့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာ အသေးစိတ်ဖော်ပြထားခြင်း မရှိသေးပါဘူး။

ဖမ်းဆီးခံရသူတွေအပေါ် ဘယ်ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားတယ်ဆိုတာကိုလည်း လက်ရှိအချိန်အထိ ရှင်းလင်းစွာ မသိရသေးပါဘူး။

စစ်အုပ်စုက ထုတ်ပြန်ထားတဲ့ ဖမ်းဆီးမှုဖြစ်စဉ်နဲ့ သိမ်းဆည်းရမိတဲ့ ပစ္စည်းအရေအတွက်တွေကို New Day Myanmar အနေနဲ့ သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး