၁၉ ဇွန် ၂၀၂၆ | New Day Myanmar
ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေက တရားဝင်တောင်းဆိုကြဖို့ နိုင်ငံ ၁၁ နိုင်ငံက လက်ရှိနဲ့ ယခင်လွှတ်တော်ကိုယ်စားလှယ် ၁၃၄ ဦးက တိုက်တွန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်မှာ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ APHR က ဦးဆောင်ပြီး အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနဲ့ အာဆီယံနိုင်ငံခေါင်းဆောင်တွေထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
အိတ်ဖွင့်ပေးစာကို ဩစတြေးလျ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အီတလီ၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်အာဖရိက၊ ထိုင်းနဲ့ တီမောလက်စ်တေတို့က လွှတ်တော်ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒီတောင်းဆိုမှုဟာ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း လွတ်လပ်စွာ အတည်ပြုနိုင်ရေး တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုနဲ့ သူမရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် “81 for 81” လှုပ်ရှားမှုတွေကို ထောက်ခံတဲ့အနေနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရေးအပြင် သူမရဲ့ လက်ရှိတည်နေရာ၊ ကျန်းမာရေးနဲ့ ဘေးကင်းကောင်းမွန်မှုကို အတည်ပြုနိုင်ဖို့ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ လွတ်လပ်တဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ကို အတားအဆီးမရှိ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ စစ်အုပ်စုနဲ့ ဆက်ဆံမှုတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ထုတ်ဖော်ပြသရေးနဲ့ လွတ်လပ်တဲ့ တွေ့ဆုံစစ်ဆေးခွင့်ပေးရေးကို ကြိုတင်စည်းကမ်းချက်အဖြစ် သတ်မှတ်ဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်အုပ်စုနဲ့ ဆက်လက်ဆွေးနွေးရာမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး၊ လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ရောက်ရှိရေးနဲ့ သက်ဆိုင်ရာအဖွဲ့အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖော်ဆောင်ရေးတို့မှာ တိုင်းတာနိုင်တဲ့ တိုးတက်မှုရှိမှသာ ဆက်လက်လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သူမရဲ့ မိသားစုဝင်တွေ၊ ဥပဒေအကျိုးဆောင်တွေနဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတွေကို ပုံမှန်တွေ့ဆုံခွင့် မပေးထားပါဘူး။
၂၀၂၆ ခုနှစ် ဧပြီလမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ နေရာအတိအကျ မဖော်ပြထားတဲ့ နေအိမ်တစ်ခုကို ပြောင်းရွှေ့ပြီး အကျယ်ချုပ်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် သူမရဲ့ လက်ရှိအခြေအနေကို လွတ်လပ်တဲ့အဖွဲ့တစ်ခုက ယုံကြည်စိတ်ချရစွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဧပြီလအတွင်း နေပြည်တော်ကို သွားရောက်ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်နေတယ်လို့ စစ်အုပ်စုဘက်က အသိပေးခဲ့ကြောင်း ထိုင်းအစိုးရက ပြောထားပေမယ့် သူမကို ကိုယ်တိုင်တွေ့ဆုံခွင့် ရခဲ့ခြင်း မရှိပါဘူး။
အိတ်ဖွင့်ပေးစာမှာ ကိုးကားထားတဲ့ AAPP အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကြောင်းပြချက်နဲ့ လူပေါင်း ၃၁,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၂၂,၀၀၀ ကျော်ဟာ လက်ရှိအချိန်အထိ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဟာ ညှဉ်းပန်းနှိပ်စက်မှု၊ မတရားပြုမူဆက်ဆံမှုနဲ့ လုံလောက်တဲ့ ဆေးကုသခွင့်မရရှိမှုတွေ ကြုံတွေ့နေရတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက မှတ်တမ်းတင်ထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက ဒီတောင်းဆိုချက်တွေဟာ အသစ်ထပ်မံသတ်မှတ်တာ မဟုတ်ဘဲ စစ်တပ်က အာဆီယံဘုံသဘောတူညီချက် ငါးရပ်အောက်မှာ လိုက်နာမယ်လို့ ကတိပြုထားတဲ့ အချက်တွေကို ထပ်မံတောင်းဆိုတာသာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
အာဆီယံအနေနဲ့ မြန်မာပြည်သူတွေက အခက်ခဲဆုံးအချိန်မှာ ဒေသတွင်းအဖွဲ့အစည်းကို အားကိုးနိုင်ကြောင်း ပြသဖို့နဲ့ မြန်မာ့အကျပ်အတည်းကို အားလုံးပါဝင်တဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ပြတ်သားတဲ့လုပ်ဆောင်ချက်တွေ ချမှတ်ဖို့ လက်မှတ်ရေးထိုးသူတွေက တိုက်တွန်းထားပါတယ်။


