၁၉ ဇွန် ၂၀၂၆ | New Day Myanmar
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ဒီနေ့အထိ လွှတ်မပေးတဲ့အပြင် မိသားစုဝင်တွေနဲ့ ရှေ့နေတွေအပါအဝင် ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မပေးတာဟာ စစ်အုပ်စုရဲ့ ကြောက်ရွံ့မှု ဘယ်လောက်ကြီးမားတယ်ဆိုတာ ပြသနေတာဖြစ်တယ်လို့ ကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ အစီအစဉ်နဲ့ ကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေက ဇွန်လ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ ဒီမိုကရေစီရှင်သန်ရေးအတွက် တိုက်ပွဲဝင်နေသူဖြစ်ပြီး စစ်အုပ်စုက သူမရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်ကာ ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်ထားတယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဖမ်းဆီးဖိနှိပ်မှုတွေကြားမှာ မယိုင်မလဲ ရပ်တည်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားစွာ ဦးညွှတ်ပြီး စစ်အာဏာရှင်စနစ် ပျက်သုန်းရေးရည်မှန်းချက်ကို ဆက်လက်ကိုင်စွဲသွားမယ်လို့ နိုင်ငံရေးအကျဉ်းသားတွေက ဆိုပါတယ်။
လက်ရှိစစ်အုပ်စုဟာ ဒီမိုကရေစီအစိုးရတစ်ရပ်အဖြစ် အပေါ်ယံပြောဆိုနေပေမယ့် မြေပြင်မှာ နိုင်ငံရေးအတိုက်အခံပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဆက်လက်ဖမ်းဆီးဖိနှိပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။
ဒီလိုလုပ်ဆောင်နေတာဟာ ဒီမိုကရေစီစံနှုန်းတွေကို ဖောက်ဖျက်ပြီး နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေသလို လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့်တွေကို ပိတ်ပင်ကာ ဝေဖန်သူတွေကို ဖမ်းဆီးချုပ်နှောင်နေတာဟာ ဖက်ဆစ်ဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်အုပ်စုအနေနဲ့ ဒီမိုကရေစီနဲ့ ပြည်သူ့အကျိုးစီးပွားကို အလေးထားသယောင် ဟန်ပြပြောဆိုတာတွေ ရပ်တန့်ဖို့ ကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားတွေက တိုက်တွန်းထားပါတယ်။
နိုင်ငံနဲ့ ပြည်သူတွေအပေါ် အမှန်တကယ်စေတနာရှိတယ်ဆိုရင် ပြည်သူလူထုလိုလားတဲ့ နိုင်ငံရေးအပြောင်းအလဲကို လက်ခံပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မယ့် ဖွဲ့စည်းပုံအပြောင်းအလဲတွေကို သတ္တိရှိရှိ လုပ်ဆောင်ဖို့လည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုအတွင်း ပါဝင်နေသူတွေအနေနဲ့ ပြည်သူလူထုဘက်ကို ရပ်တည်ကာ အလင်းဝင်ကြဖို့ ကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေက တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သူမရဲ့ လက်ရှိနေရာ၊ ကျန်းမာရေးနဲ့ ဘေးကင်းစွာရှိနေမှုကို လွတ်လပ်တဲ့အဖွဲ့အစည်းတွေက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။


