၆ မေ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပြစ်ဒဏ်တစ်စိတ်တစ်ပိုင်း လျှော့ချပေးလိုက်တယ်ဆိုတဲ့ သတင်းတွေကို ကြားသိရကြောင်း မေလ ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဆွစ်ဇာလန်သံရုံးက အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို “ချက်ချင်းနဲ့ ခြွင်းချက်မရှိ” ပြန်လွှတ်ပေးဖို့ သူတို့ရဲ့ တောင်းဆိုချက်ကို ထပ်မံအတည်ပြုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် နောက်ထပ်လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။
အထူးသဖြင့် အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ အပါအဝင် အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ဖို့နဲ့ လိုအပ်နေသူတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အပြည့်အဝ၊ ဘေးကင်းစွာနဲ့ အတားအဆီးမရှိ ပေးပို့ခွင့်ပြုဖို့ကိုလည်း ဆွစ်ဇာလန်သံရုံးက တောင်းဆိုထားပါတယ်။
အဲဒီလို လုပ်ဆောင်မှသာ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ဒီမိုကရေစီကျတဲ့ အနာဂတ်တစ်ခုကို ဖော်ဆောင်နိုင်မယ့် “အဓိပ္ပာယ်ရှိပြီး အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးရေးအခင်းအကျင်း” ကို ဖန်တီးနိုင်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


