၆ မေ ၂၀၂၆ | New Day Myanmar
အာရက္ခတပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒီပလိုမက် သတင်းဌာနနဲ့ အင်တာဗျူးမှာ လက်ရှိစစ်ကော်မရှင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။
အဓိကအနေနဲ့ စစ်တပ်ဘက်က အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နေသရွေ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ၊ လုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို့ဆိုတာ အလွန်ခက်ခဲလိမ့်မယ်လို့ ဆိုပါတယ်။
စစ်တပ်က သူတို့အသာစီးရတဲ့ အနေအထားကနေ ဆွေးနွေးဖို့ ဖိအားပေးချင်နေတာဖြစ်ပြီး ဒါကို ဘယ်လိုမှ အလျှော့ပေးမှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။
ရွေး/တု ကနေ တက်လာတဲ့ သမ္မတရဲ့ ဖိတ်ခေါ်မှုနဲ့ ခြိမ်းခြောက်မှုဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက် နောက်ဆုံးထားကာ ငြိမ်းချမ်းရေး လာဆွေးနွေးဖို့ ဧပြီလအတွင်း ပြောဆိုထားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မလာရင် “လုပ်သင့်လုပ်ထိုက်တာ လုပ်မယ်” ဆိုပြီး ခြိမ်းခြောက်ပြောဆိုမှုတွေလည်း ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် ငြိမ်းချမ်းရေးလို့ ပြောဆိုနေချိန်မှာပဲ မြေပြင်မှာတော့ ဗုံးကြဲတိုက်ခိုက်မှုတွေက ရပ်မနား ဆက်ဖြစ်နေပြီး ပလက်ဝမှာ ကလေးငယ်တွေအပါအဝင် ၇ ဦး သေဆုံးခဲ့သလို သံတွဲမှာလည်း ကလေး ၂ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။ ထို့အပြင် ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးတို့မှာ သံဃာတော်တွေ ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။
လက်ရှိအခြေအနေအရ AA ဟာ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ ခုအထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး စစ်တပ်ဘက်မှာတော့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်တို့လောက်သာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၆ နဲ့ ၂၀၂၇ မကုန်ခင် လက်ကျန်တိုက်ပွဲတွေကို အပြတ်တိုက်ပြီး အောင်ပွဲခံနိုင်မယ်လို့ ယုံကြည်ချက်ရှိကြောင်းလည်း ပြောဆိုထားပါတယ်။
“အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးက အရေးကြီးဆုံးပဲ” လို့လည်း ၎င်းက ပြောဆိုထားပြီး နိုင်ငံတကာနဲ့ ပူးပေါင်းကာ ဗုံးကြဲတိုက်ခိုက်မှုတွေကို မှတ်တမ်းတင်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


