၃၀ မေ ၂၀၂၆ | New Day Myanmar
ရခိုင်ပြည်နယ်အတွင်းရှိ နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အာရက္ခအမျိုးသားတော်လှန်ရေးရဲ့ ရည်မှန်းချက်အောင်မြင်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေပြီဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
AA က လက်ရှိရရှိထားတဲ့ အောင်မြင်မှုတွေဟာ တိုက်ပွဲဝင်ရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့အတူ ရခိုင်ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ တော်လှန်ရေးခရီးဟာ အဆုံးသတ်မရောက်သေးဘဲ စစ်ကော်မရှင်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်တာကြောင့် သတိမလျော့ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ထုတ်ပြန်ချက်အရ AA ဟာ စစ်ရေးမျက်နှာစာအပြင် နိုင်ငံရေးနဲ့ သံတမန်ရေးဆိုင်ရာ ဖိအားတွေကိုပါ ရင်ဆိုင်နေရပြီး တစ်ဖက်မှာလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီလို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး ပြည်သူ့ဝန်ဆောင်မှုယန္တရားတွေ တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အစိုးရအဆက်ဆက်လက်ထက်က စီမံခန့်ခွဲမှုအားနည်းချက်တွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့တဲ့ အကျိုးဆက်တွေကြောင့် ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ စိန်ခေါ်မှုအများအပြား ရှိနေဆဲဖြစ်ကြောင်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရက္ခိုင့်တပ်တော် (AA) ဟာ ၂၀၂၃ ခုနှစ် နှောင်းပိုင်းကစတင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး လက်ကျန် စစ်ကော်မရှင်တပ်စခန်းတွေအပေါ် ဆက်လက်ထိုးစစ်ဆင်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။


