၃၀ မေ ၂၀၂၆ | New Day Myanmar
စစ်ကော်မရှင်တပ်တွေက အညာဒေသတစ်ခွင်မှာ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေအပေါ် မဘသအဖွဲ့ခေါင်းဆောင်ဟောင်း မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက ဝေဖန်ပြောဆိုလိုက်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ မိန့်ကြားလိုက်ပါတယ်။
ဆရာတော် ဦးပါမောက္ခဟာ ၎င်းရဲ့ TikTok လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် မေလ ၂၉ ရက်နေ့မှာ မိန့်ကြားခဲ့တာဖြစ်ပြီး အညာဒေသအတွင်း ကျေးရွာတွေ ဆက်တိုက် မီးရှို့ခံနေရတာကြောင့် ဒေသခံပြည်သူတွေ အလွန်အမင်း ဒုက္ခရောက်နေကြရတဲ့ အခြေအနေတွေကို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“မီးရှို့ရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပါတယ်” လို့ ဆရာတော်က မိန့်ကြားထားပြီး နိုင်ငံတော်တာဝန်ရှိသူတွေအနေနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် လက်ရှိမှာ အညာဒေသအပါအဝင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ စစ်ကြောင်းထိုးမှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပြည်သူအများအပြား နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လူမှုစီးပွားအခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့လည်း ထောက်ပြပြောဆိုထားပါတယ်။
မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခဟာ ယခင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ပါးဖြစ်ခဲ့သလို ၂၀၁၆ ခုနှစ် NLD အစိုးရလက်ထက်ကလည်း အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုနဲ့ပတ်သက်ပြီး ထောင်ဒဏ်ကျခံခဲ့ရဖူးသူ ဖြစ်ပါတယ်။
အရင်က စစ်တပ်နဲ့ နီးစပ်တယ်လို့ ယူဆခံခဲ့ရတဲ့ အမျိုးသားရေးခေါင်းဆောင် ဆရာတော်တစ်ပါးက အခုလို စစ်တပ်ရဲ့ လုပ်ရပ်တွေကို လူသိရှင်ကြား ဝေဖန်ပြောဆိုလာတာဟာ အညာဒေသက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာတဲ့အပေါ် စိုးရိမ်ပူပန်မှုကို ထင်ဟပ်စေတယ်လို့ လေ့လာသူအချို့က သုံးသပ်နေကြပါတယ်။


