Homeပြည်တွင်းသတင်းAA ဖမ်းထားတဲ့ ရဲ ၃ ယောက် နတ်မြစ်ကို ရေကူးဖြတ်ကူးပြီးဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေး

AA ဖမ်းထားတဲ့ ရဲ ၃ ယောက် နတ်မြစ်ကို ရေကူးဖြတ်ကူးပြီးဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေး

၂၁ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရခိုင်ပြည်နယ် မောင်တောဘက်ကနေ နတ်မြစ်ကို ရေကူးဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ်မြို့နယ်ထဲ ဝင်ရောက်လာတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) က ဇူလိုင် ၂၀ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။

သူတို့ကို တက္ကနာ့ဖ်မြို့ နိုင်တောင်ပါရာရပ်ကွက်က ရေခဲစက်အနီးမှာ တွေ့ရှိဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရသူတွေက မောင်တောမြို့မရဲစခန်းက ဒုရဲအုပ် ဟိန်းဒီထက် (Hein De Hett)၊ ရဲတပ်သား ဟိန်းဇော်နဲ့ ဘူးသီးတောင်အခြေစိုက် အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ကျော်နိုင်တို့ဖြစ်ကြောင်း BGB တာဝန်ရှိသူတွေက ပြောပါတယ်။

BGB ရဲ့ ကနဦးစစ်ဆေးချက်အရ အဲဒီတပ်ဖွဲ့ဝင် ၃ ဦးဟာ အာရက္ခတပ်တော် (AA) ဖမ်းဆီးထိန်းသိမ်းထားတဲ့ နေရာကနေ ထွက်ပြေးလာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၁၉ ရက်ညမှာ မောင်တောမြို့နယ် အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ရင်းဌာနချုပ်အနီးက လူနေအဆောက်အအုံတစ်ခုကနေ ထွက်ပြေးခဲ့တာလို့ သူတို့က စစ်ဆေးမေးမြန်းချိန်မှာ ပြောဆိုခဲ့ပါတယ်။

အဲဒီနေရာကနေ နတ်မြစ်ကမ်းအထိ ၆ ကီလိုမီတာခန့် လမ်းလျှောက်ခဲ့ပြီး မြစ်ကို ၂ နာရီခန့် ရေကူးဖြတ်ကာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိလာတာလို့ ဆိုပါတယ်။ သူတို့ရဲ့ ပြောဆိုချက်တွေနဲ့ AA ဖမ်းဆီးထားစဉ် အခြေအနေတွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

BGB က သူတို့ကို ဖမ်းဆီးပြီးနောက် တက္ကနာ့ဖ်အခြေစိုက် အမှတ် ၂ တပ်ရင်းဌာနချုပ်ကို ပို့ဆောင်ကာ စစ်ဆေးအတည်ပြုခဲ့ပါတယ်။ အဲဒီနောက် ဇူလိုင် ၂၀ ရက်ညမှာ တက္ကနာ့ဖ်မြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။

တက္ကနာ့ဖ်မြို့မရဲစခန်းမှူး မိုဟာမက် ဆိုင်ဖူလ် အစ္စလာမ်က ဖမ်းဆီးထားသူ ၃ ဦးကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ အမှုဖွင့်ထားပြီး ဇူလိုင် ၂၁ ရက်မှာ ကော့ဘဇားတရားရုံးကို ပို့ဆောင်မယ်လို့ အတည်ပြုထားပါတယ်။

Related News

Most Read