၂၃ မေ ၂၀၂၆ | New Day Myanmar
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီ ဘစ်ရှော့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လျှို့ဝှက်လာရောက်ခဲ့ပြီး နေပြည်တော်ရှိ စစ်ကော်မရှင်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စကို ဆွေးနွေးခဲ့ကြောင်း BBC News Burmese ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
သံတမန်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားထားတဲ့ BBC ရဲ့ ဖော်ပြချက်အရ ဂျူလီ ဘစ်ရှော့ရဲ့ ယခုခရီးစဉ်ဟာ အသွင်ပြောင်းအစိုးရတုလက်ထက် ပထမဆုံးအကြိမ် နေပြည်တော်ကို လာရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ယနေ့ မေ ၂၃ ရက်မှာ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။
ကုလအထူးသံဟာ နေပြည်တော်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပြီး အဆိုပါ ဆွေးနွေးမှုတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိနိုင်ရန် BBC က ကုလသမဂ္ဂရုံးထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။
ဒါ့ပြင် ဂျူလီ ဘစ်ရှော့ဟာ မြန်မာနိုင်ငံခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှ သံတမန်တွေနဲ့လည်း သီးသန့်ဖိတ်ကြားတွေ့ဆုံကာ ၎င်းရဲ့ခရီးစဉ်အကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်လို့ သိရပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ လက်ရှိ မြန်မာနိုင်ငံကို အာဆီယံအစည်းအဝေးတွေ၌ ပြန်လည်ပါဝင်ခွင့်ပြုရန် သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့အပေါ် အထူးသံက အဓိကထား မေးမြန်းဆွေးနွေးခဲ့ကြောင်း နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။


