၂၉ ဇွန် ၂၀၂၆ | New Day Myanmar
စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားတယ်လို့ ပြောထားပေမယ့် အဲဒီပြောဆိုချက်ကို ယုံကြည်နိုင်မယ့် သက်သေ မရှိသေးဘူးလို့ သားဖြစ်သူ ကင်မ်အဲရစ်က ပြောပါတယ်။
အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေဆဲဖြစ်ကြောင်း ယုံကြည်စိတ်ချရတဲ့ သက်သေပြဖို့နဲ့ မိသားစု၊ ရှေ့နေတွေအပြင် လွတ်လပ်တဲ့ နိုင်ငံတကာအဖွဲ့တွေကို တွေ့ဆုံခွင့်ပေးဖို့လည်း သူက စစ်အုပ်စုကို တောင်းဆိုထားပါတယ်။
စစ်အုပ်စုက ဧပြီလကုန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်ကို ထပ်မံလျှော့ချပြီး သတ်မှတ်ထားတဲ့ နေအိမ်တစ်ခုမှာ ကျန်ပြစ်ဒဏ်ကို ကျခံစေမယ်လို့ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ပြောင်းရွှေ့ထားတယ်ဆိုတဲ့ နေရာ၊ ကျန်းမာရေးအခြေအနေနဲ့ သူမကိုယ်တိုင်ပါဝင်တဲ့ လွတ်လပ်စွာအတည်ပြုနိုင်တဲ့ သက်သေတစ်စုံတစ်ရာကို မိသားစုက မရရှိသေးဘူးလို့ ကင်မ်အဲရစ်က ဆိုပါတယ်။
သူ့အနေနဲ့ မိခင်ဟာ နေပြည်တော်က အကျဉ်းထောင်မှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်နိုင်တယ်လို့ ယုံကြည်ထားကြောင်း လန်ဒန်မြို့ကနေ Kyodo News ကို ပြောပါတယ်။
“သူ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကြားရတဲ့သတင်းက အခြေအနေ ပိုဆိုးလာနေတယ်ဆိုတာပါပဲ” လို့ ကင်မ်အဲရစ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးနဲ့ အရိုးပွရောဂါအပါအဝင် အသက်အရွယ်နဲ့ဆက်နွှယ်တဲ့ ကျန်းမာရေးပြဿနာတွေ ခံစားနေရတယ်လို့ သတင်းတွေ ရရှိထားကြောင်းလည်း သူက ဆိုပါတယ်။
မိခင်ဆီက နောက်ဆုံးတိုက်ရိုက်သတင်းရရှိခဲ့တာဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ရရှိခဲ့တဲ့ စာတစ်စောင်ကတစ်ဆင့်ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ ကျန်းမာရေးနဲ့ ထိန်းသိမ်းထားတဲ့နေရာအကြောင်း ယုံကြည်စိတ်ချရတဲ့ အချက်အလက် မရတော့ဘူးလို့ ကင်မ်အဲရစ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ၊ လက်ရှိထိန်းသိမ်းထားတဲ့နေရာနဲ့ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားတယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ပြောဆိုချက်ကို လွတ်လပ်တဲ့အဖွဲ့တစ်ခုက အတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဓါတ်ပုံ – Kyodo News


