Homeပြည်တွင်းသတင်းမြန်မာအမျိုးသမီး ၁၀ ဦးမှာ ၄ ဦးကျော် ဝင်ငွေလုံးဝမရှိဖြစ်နေ

မြန်မာအမျိုးသမီး ၁၀ ဦးမှာ ၄ ဦးကျော် ဝင်ငွေလုံးဝမရှိဖြစ်နေ

၁၉ ဇွန် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် အမျိုးသမီးနဲ့ အမျိုးသားတွေအကြား စီးပွားရေးမညီမျှမှု ပိုမိုဆိုးရွားလာနေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP နဲ့ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ UN Women တို့ရဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။

“ညီမျှမှုမရှိသော ဝန်ထုပ်ဝန်ပိုးများ၊ မြန်မာ့စီးပွားရေးအကျပ်အတည်းများကြားမှ အမျိုးသမီးများ၏ လူနေမှုဘဝ” အမည်ရှိ အစီရင်ခံစာအရ မြန်မာနိုင်ငံက အမျိုးသမီး ၄၂ ရာခိုင်နှုန်းဟာ ကိုယ်ပိုင်ဝင်ငွေ လုံးဝမရှိကြပါဘူး။

ဒါဟာ အမျိုးသမီး ၁၀ ဦးမှာ ၄ ဦးကျော် ဝင်ငွေမရှိတဲ့ အခြေအနေဖြစ်ပြီး ဝင်ငွေလုံးဝမရှိတဲ့ အမျိုးသမီးအချိုးဟာ အမျိုးသားတွေထက် နှစ်ဆနီးပါး ပိုများတယ်လို့ ဆိုပါတယ်။

အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေဟာလည်း ပျမ်းမျှအားဖြင့် အမျိုးသားတွေရရှိတဲ့ ဝင်ငွေရဲ့ ၇၉ ရာခိုင်နှုန်းသာ ရရှိကြပါတယ်။

တစ်ချိန်တည်းမှာပဲ အမျိုးသမီးတွေဟာ လုပ်အားခမရရှိတဲ့ အိမ်မှုကိစ္စ၊ ကလေးစောင့်ရှောက်မှု၊ သက်ကြီးရွယ်အိုနဲ့ နာမကျန်းသူတွေကို ပြုစုစောင့်ရှောက်ရတဲ့တာဝန်တွေကို အမျိုးသားတွေထက် နှစ်ဆနီးပါး ပိုမိုထမ်းဆောင်နေကြရပါတယ်။

လုပ်သားအင်အားစုအတွင်း မပါဝင်နိုင်တဲ့ အမျိုးသမီး ၁၀ ဦးမှာ ၈ ဦးနီးပါးက အိမ်ထောင်စုနဲ့ မိသားစုပြုစုစောင့်ရှောက်ရေးတာဝန်တွေကြောင့် အလုပ်မလုပ်နိုင်တာဖြစ်တယ်လို့ စစ်တမ်းမှာ ဖြေဆိုထားကြပါတယ်။

ပဋိပက္ခပြင်းထန်တဲ့ ဒေသတွေမှာ အမျိုးသမီးတွေရဲ့ အလုပ်အကိုင်ရရှိမှုနှုန်းဟာ ၆၂ ရာခိုင်နှုန်းသာ ရှိပြီး အမျိုးသားတွေရဲ့ ၈၂ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် ၂၀ ရာခိုင်နှုန်း ကွာဟနေပါတယ်။

အထူးသဖြင့် ကယားပြည်နယ်မှာ အမျိုးသမီး ၃၈ ရာခိုင်နှုန်းသာ အလုပ်လုပ်ကိုင်နိုင်ပြီး အမျိုးသမီးတွေအကြား စားနပ်ရိက္ခာဖူလုံမှုရှိသူ ၁၂ ရာခိုင်နှုန်းသာ ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ဘေးရှောင်ရမှု၊ လုံခြုံရေးမရှိမှု၊ သွားလာရေးကန့်သတ်ချက်၊ ဈေးကွက်ပျက်စီးမှုနဲ့ မိသားစုဝင်တွေကို စောင့်ရှောက်ရတဲ့တာဝန်တွေဟာ အမျိုးသမီးတွေရဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိနိုင်မှုကို ပိုမိုထိခိုက်စေတယ်လို့ ဆိုပါတယ်။

ပိုင်ဆိုင်မှုအပိုင်းမှာလည်း စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေထဲက ၄၉ ရာခိုင်နှုန်းသာ မြေယာပိုင်ဆိုင်ခွင့်ရှိပြီး စီးပွားရေးလုပ်ငန်းပိုင်ဆိုင်သူတွေထဲမှာ အမျိုးသမီးပါဝင်မှုဟာ ၈ ရာခိုင်နှုန်းသာ ရှိပါတယ်။

မြေယာ၊ ငွေကြေး၊ ချေးငွေ၊ ထုတ်လုပ်ရေးပစ္စည်းနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်ခွင့် နည်းပါးတာကြောင့် အမျိုးသမီးတွေဟာ အကျပ်အတည်းကြုံလာတဲ့အခါ ဝင်ငွေပြန်လည်ရှာဖွေနိုင်ရေးနဲ့ ဘဝပြန်လည်ထူထောင်ရေးမှာ ပိုမိုခက်ခဲနေကြပါတယ်။

တူညီတဲ့အလုပ်ကို လုပ်ကိုင်ရင်တောင် အမျိုးသားတွေက လုပ်အားခ ပိုမိုရရှိသင့်တယ်လို့ ယူဆတာနဲ့ အိမ်ထောင်စုအတွင်း အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို အမျိုးသားတွေကသာ ချမှတ်သင့်တယ်လို့ ယူဆတဲ့ လူမှုရေးသဘောထားတွေကလည်း မညီမျှမှုကို ပိုမိုခိုင်မာစေတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

အမျိုးသမီးတွေဟာ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိရေးမှာ အခက်အခဲကြုံနေရသလို မိသားစုအသက်ရှင်ရပ်တည်ရေးအတွက် လုပ်အားခမရတဲ့ ပြုစုစောင့်ရှောက်ရေးတာဝန်တွေကိုပါ အများဆုံးထမ်းဆောင်နေရတဲ့အတွက် စီးပွားရေးအကျပ်အတည်းရဲ့ ဝန်ထုပ်ဝန်ပိုးကို ပိုမိုခံစားနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖန်တီးပေးရုံနဲ့ မလုံလောက်ဘဲ ကလေးထိန်းသိမ်းစောင့်ရှောက်ရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးနဲ့ မိသားစုပြုစုရေးဝန်ဆောင်မှုတွေမှာပါ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တယ်လို့ အစီရင်ခံစာက တိုက်တွန်းထားပါတယ်။

အမျိုးသမီးစွန့်ဦးတီထွင်သူတွေကို ငွေကြေးနဲ့ နည်းပညာပံ့ပိုးပေးရေး၊ မြေယာပိုင်ဆိုင်ခွင့်ကို ကာကွယ်ပေးရေး၊ တူညီတဲ့အလုပ်အတွက် တူညီတဲ့လုပ်အားခ ရရှိရေးနဲ့ စီးပွားရေးဆုံးဖြတ်ချက်ချမှတ်မှုတွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်နိုင်ရေးတို့ကိုလည်း ဦးစားပေးဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။

အခုအစီရင်ခံစာဟာ မြန်မာနိုင်ငံရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးက အသက် ၁၅ နှစ်နဲ့အထက် အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၅,၄၀၅ ဦးကို စစ်တမ်းကောက်ယူထားတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most Read