၁၉ ဇူလိုင် ၂၀၂၆ | New Day Myanmar
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင် ၁၉ ရက်မှာ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထွက်ပေါ်လာတဲ့ ဓါတ်ပုံမှတ်တမ်းတွေ အရ သိရပါတယ်။
ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ TNLA ဘက်က ဒုတိယဥက္ကဋ္ဌ တာဂျုတ်ဂျား ဦးဆောင်ပါဝင်ခဲ့ပြီး စစ်အုပ်စုဘက်ကတော့ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးရာပြည့်နဲ့ ဦးခင်ဇော်ဦးတို့ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
ဆွေးနွေးပွဲကို ဘယ်နေရာမှာ ကျင်းပခဲ့တာ၊ ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးခဲ့တာနဲ့ နှစ်ဖက်အကြား သဘောတူညီချက်တစ်စုံတစ်ရာ ရရှိခဲ့ခြင်းရှိ၊ မရှိကိုတော့ လက်ရှိအချိန်အထိ TNLA နဲ့ စစ်အုပ်စုဘက်က တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
TNLA နဲ့ စစ်အုပ်စုတို့ဟာ ၂၀၂၅ ခုနှစ်ကစပြီး တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ တရုတ်နိုင်ငံ ဟိုင်ဂင်မြို့မှာ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် အပစ်အခတ်ရပ်စဲရေးနဲ့ နယ်မြေထိန်းချုပ်ရေးကိစ္စတွေမှာ သဘောထားကွဲလွဲမှုတွေကြောင့် တိုးတက်မှု မရရှိခဲ့ပါဘူး။
၂၀၂၆ ခုနှစ်အတွင်းမှာတော့ တရုတ်ရဲ့ ဖိအားပေးညှိနှိုင်းမှုတွေနောက်ပိုင်း TNLA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့နဲ့ နောင်ချိုမြို့တို့ကနေ တပ်ဖွဲ့ဝင်တွေကို ဆုတ်ခွာခဲ့ပြီး စစ်အုပ်စုက အဲဒီမြို့တွေကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမယ့် TNLA ကတော့ အဲဒီလို ဆုတ်ခွာခဲ့တာဟာ အရပ်သားထိခိုက်မှုကို လျှော့ချဖို့နဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
TNLA ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ အာရက္ခတပ်တော် (AA) တို့နဲ့အတူ ဦးဆောင်ဆင်နွှဲခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့အများအပြားနဲ့ စစ်ရေးအခြေစိုက်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး New Day Myanmar က TNLA ဘက်ကို ဆက်သွယ်ခဲ့ပေမယ့် ယခုသတင်းဖော်ပြချိန်အထိ ဆက်သွယ်လို့ မရသေးပါဘူး။


